ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ထိုင်း အာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။
ဒုက္ခသည်များအား ပြန်ပို့ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တခုကို ထိုင်းနိုင်ငံ ပြည်ထဲရေးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ပြီး ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ဒုက္ခသည် အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ကရင် ဒုက္ခသည် အဖွဲ့အစည်းတချို့ ပါဝင်တက်ရောက်ခဲ့ကြပြီး မဲဆောက်မြို့၌ ဇွန်လ ၁၇ ရက် မှ ၁၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရ သည်။
“ပြန်ပို့မယ် ဆိုပြီး အတိအကျ ပြောဆိုတာမျိုး မဟုတ်သေးပါဘူး၊ ဒုက္ခသည်တွေ ပြန်ပို့မယ် ဆိုရင် ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာမျိုးတွေကို ဆွေးနွေးကြတဲ့ သဘောမျိုးပါ”ဟု ကရင် ဒုက္ခသည်များ ကော်မတီ (KRC) မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
လက်ရှိ အခြေအနေများ အရ ဒုက္ခသည်များ အိမ်ပြန်ရန် အဆင်သင့် မဖြစ်သေးသည်ကို ထိုင်းအာဏာပိုင်များက နားလည် သဘောပေါက်မည်ဟု ယူဆကြောင်း၊ ထို့ကြောင့် အဆောတလျှင် ဆောင်ရွက်မည် မဟုတ်ကြောင်း၊ ဒုက္ခသည်များ အနေဖြင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်စေလိုကြောင်း KRC တာဝန်ရှိသူက ပြောသည်။
မယ်လ ဒုက္ခသည် စခန်းတွင် နေထိုင်သူ မနော်တူးက “ကျမကတော့ မပြန်ချင်ဘူး၊ တတိယနိုင်ငံ မသွားရရင် ထိုင်းနိုင်ငံမှာပဲ နေချင်တယ်၊ ကိုယ့်ဒေသမှာက အိမ်တွေလည်း ဘာမှ မရှိတော့ဘူး၊ အလုပ်လည်း မရှိဘူးလေ၊ နောက်တခုက သားလေးရဲ့ ပညာရေး အတွက်လည်း အရေးကြီးသေးတယ်”ဟု ဧရာဝတီကို ပြောသည်။
ဒုက္ခသည် မိသားစု အများစုက မိခင်နိုင်ငံ ပြန်လိုသည့် ဆန္ဒမရှိကြသေးကြောင်းနှင့် မပြန်လိုကြသည့် အကြောင်းရင်းမှာ အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဒုက္ခသည်များအား ပြန်ပို့မည့် ကိစ္စကို ဒုက္ခသည် စခန်းများက မသိရှိသေးကြောင်း၊ စခန်း တာဝန်ရှိသူများထံ အကြောင်းကြားခြင်းလည်း မရှိသေးကြောင်း မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ Saw Honest က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ဆီကို အကြောင်းကြားတာ၊ ဆွေးနွေးတာ တစုံတရာ မရှိသေးပါဘူး၊ ပြန်မယ်ဆိုရင်တောင် ဒုက္ခသည်တွေ အနေ နဲ့ လည်း အဆင်သင့် မဖြစ်ကြသေးတော့ မပြန်ချင်ကြသေးတဲ့ သူတွေများတယ်၊ မြန်မာပြည်တွင်းမှာ ဘာပြင်ဆင်မှုမှ မရှိသေး တော့ ဘယ်လိုပြန်ကြမလဲ”ဟု ၎င်းက ဆိုသည်။
ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က ၎င်းတို့ အနေဖြင့် ဒုက္ခသည် ပြန်ပို့ရေး အတွက် ဆွေးနွေး ပြောဆိုမှု မရှိသေးကြောင်း ဧရာဝတီကို ပြောသည်။
သံအမတ်ကြီး ဦးဝင်းမောင်က “ဒုက္ခသည် ပြန်ပို့ရေး အတွက် ကျနော်တို့ ဆွေးနွေး ပြောဆိုတာ မရှိသေးပါဘူး၊ အရင် အစိုးရ လက်ထက်တုန်းကတော့ ရှိခဲ့ပါတယ်၊ အခု စစ်တပ် အစိုးရ လက်ထက်မှာ ပြောဆို ဆွေးနွေးတာမျိုး မရှိသေးတာပါ”ဟု ဆို သည်။
ထိုင်းနိုင်ငံရှိ မယ်လ ဒုက္ခသည် စခန်းသည် စခန်း ၉ ခု အနက် အကြီးဆုံး ဖြစ်ကာ လူဦးရေ ၄ သောင်း ကျော် ရှိသည်။
ထိုင်း-မြန်မာ နယ်စပ် တလျှောက်၌ မယ်လ၊ အုန်းဖျံ၊ နို့ဖိုး၊ ကရင်နီ ဒုက္ခသည် စခန်း (၁၊ ၂ ) စသည်ဖြင့် စခန်း ၉ ခု ရှိပြီး လူဦးရေ တသိန်း ၃ သောင်း ဝန်းကျင် ရှိကြောင်း ဒုက္ခသည် အရေး ဆောင်ရွက်သူများက ပြောသည်။ ဒုက္ခသည်များ သည် မြန်မာနိုင်ငံ အတွင်း စစ်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် လာကြသူများ ဖြစ်ပြီး နှစ်ပေါင်း ၃၀ နီးပါး ရှိပြီ ဖြစ်ကြောင်း သိရ သည်။