အစိုးရ စစ်သားများက အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများ ရပ်တန့်ရန် ရည်ရွယ်ပြီး ချင်းပြည်နယ် မတူပီမြို့၌ ချင်းအမျိုးသမီး ၁၃၀ ကျော်သည် ယမန်နေ့က ပထမဆုံးအကြိမ် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။
“ပထမအကြိမ် တင်တုန်းက မတူပီ ရဲစခန်းက ခွင့်မပြုပြီး။ နောက်တခါ ပြန်တင်တော့မှ ခွင့်ပြုတယ်။ တင်ထားတဲ့ လမ်းအတိုင်း တော့ လမ်းမလျှောက်ပါနဲ့။ လမ်းပိတ်မှာ စိုးလို့ ပြောပါတယ်။ ဒါပေမယ့် ကျမတို့ကတော့ တင်ထားတဲ့ လမ်းအတိုင်းပဲ လျှောက်ပါတယ်။ အမျိုးသမီးတွေ နစ်နာနေတာတွေကို ဆန္ဒထုတ်ဖော်တာပါ”ဟု ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်သည့် ချင်းအမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လီက ဧရာဝတီကို ပြောသည်။
မတူပီမြို့နယ် ရေဇွာမြို့နယ်ခွဲတွင် ဇွန် ၁၀ ရက်က အစိုးရ ခြေလျင် တပ်ရင်း(ခလရ) ၂၆၉ မှ တပ်သား မျိုးသူရကျော်က ဒေသခံ အမျိုးသမီး တဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့မှုတခု ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။
ဒေါ်အယ်လီက“မတူပီမြို့နယ် အတွင်းမှာ တပ်မတော်သားတွေ ဒေသခံ အမျိုးသမီးကို အဓမ္မ္မကျင့်တာ ၆ ဦး ရှိပြီ။ နောက်ဆုံး ဖြစ် သွားတာ ဇွန် ၁၀ ရက်က ဖြစ်သွားတဲ့ ကိစ္စမှာတော့ တပ်သားကို ရဲစခန်းက ဖမ်းထားတယ်။ ဒါပေမယ့် ဘယ်လို ဆက်လုပ်လည်း ဆိုတာ ကျမတို့ မသိရပါဘူး”ဟု ပြောပြသည်။
မတူပီမြို့နယ်တွင် ကလေးသူငယ်များနှင့် အမျိုးသမီးများ အခွင့်အရေးကို ချိုးဖောက်ခံနေရသဖြင့် ဆန္ဒထုတ်ဖော် လမ်းလျှောက်ခဲ့ပြီး ဒေသခံ ပြည်သူများကို အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်၍ ပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ပြော ဆိုသည်။
ချင်းပြည်နယ်ရှိ အမျိုးသမီး အများစုသည့် အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိနားလည်မှု မရှိ ကြောင်း၊ ပညာရေးပိုင်းတွင်လည်း အလွန်နိမ့်ကျ နေကြောင်း၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ပညာပေးမှုများကို ပိုမိုမြှင့်တင် ပေး ရန် လိုအပ်နေကြောင်း သိရသည်။
၂၀၁၀ ပြည့်နစ် နောက်ပိုင်းမှစပြီး အစိုးရ စစ်တပ်များသည် ချင်းပြည်နယ် အတွင်းသို့ တပ်စခန်းများ လာရောက် နေရာချသဖြင့် ဒေသခံ အမျိုးသမီးများ၏ လုံခြုံမှုမှာ စိုးရိမ်မှုများ ရှိလာကြောင်း၊ လယ်ယာမြေများသို့ သွားရောက် လုပ်ကိုင်ရန် အတွက် ကြောက်ရွံ့စိုးရိမ်မှုများရှိလာကြောင်း ဒေသခံ အမျိုးသမီးများက ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ်(CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိသည်။
ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အစီရင်ခံစာ၌ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင်ပြောင်းလဲ နေချိန်တွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခု ကဲ့သို့ အသုံးပြုနေမှုကို ရပ်တန့်စေလိုကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စုံစမ်း စစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။