ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် မိုးတွင်းကာလ စားနပ်ရိက္ခာ ပြတ်လပ် မှုနှင့် အမိုးအကာ မလုံလောက်မှု ပြဿနာများ ကြုံတွေ့နေရပြီး ဒုက္ခသည် ထောင်ပေါင်းများစွာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
စစ်ဘေးရှောင် ဒုက္ခသည် စခန်းများအနက် တချို့ ဒုက္ခသည် စခန်းများတွင် အစားအသောက် ပြတ်လပ်မှု များရှိနေပြီး စားနပ်ရိက္ခာ ဖြည့်တင်းပေးနိုင်ရန် နိုင်ငံတကာ အလှုရှင်များနှင့် အစိုးရတို့၏ အထောက်အပံ့ လိုအပ်နေသည်ဟု စစ်ဘေး ရှောင် ဒုက္ခသည်များကို အကူအညီပေးနေသည့် ဝမ်ပေါင် နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင်က ဧရာဝတီသို့ ပြောသည်။
“မေလတုန်းက ဆိုရင် ဒုက္ခသည် စခန်း ၇ ခုမှာ နေတဲ့ ဒုက္ခသည် တသောင်း အတွက် အစာပြတ်လပ်မှု ဖြစ်ခဲ့တယ်။ ဒီလို ပြသနာတွေ ကာကွယ်ဖို့ အတွက် ထောက်ပံ့ငွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ဒုက္ခသည်များသည် မိုးတွင်းကာလ ရွက်ဖျင်တဲများတွင် နေထိုင်ရသဖြင့် အခက်အခဲ ဖြစ်နေကြကြောင်း၊ လက်ရှိ ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ဦးရေ တိုးလာကာ နေထိုင်စားသောက်မှု အတွက် အခက်အခဲ ဖြစ်နေပြီး အဝတ် အစား များလည်း လိုအပ်နေကြောင်း၊ လက်ရှိတွင် စားနပ်ရိက္ခ္ခာ ပြတ်လပ်နေသည့် ဒုက္ခသည် စခန်းများမှာ အင်ခေါင်း ပါ၊ ပါကထောင်၊ ခါခေ၊ နမ့်လန့်စစ်ပါ ကမ့် ၁ နှင့် ၂ တို့ ဖြစ်ကြောင်း၊ ထို့ပြင်လက်နက်ကိုင် စစ်တပ်များသည် IDP စခန်းများနှင့် နီးကပ်စွာ ရောက်ရှိနေသဖြင့် IDP စခန်း ကာကွယ် စောင့်ရှောက်ရေး အရေးကြီး လိုအပ်နေကြောင်း သိရှိရသည်။
အစိုးရကမူ ကချင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလိုလားကြောင်း ပြောဆိုသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒေါက်တာ မြတ်မြတ်အုန်းခင် က “ကျမက ငြိမ်းချမ်းရေး ကိုလိုချင်တဲ့သူဆိုတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းသွားမယ်ဆိုရင် ကျမတို့က မိမိဒေသ ကိုပြန်မယ့်သူ အတွက် နိုင်ငံတော် သမ္မတကြီးက အားလုံးကောင်းအောင် စီစဉ်ပေးမှာပါ။ လုပ်ငန်း တွေရော နေဖို့ ထိုင်ဖို့ရော အဓိက က ကျမတို့ ငြိမ်းချမ်းသွားဖို့ပါ” ဟု ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်Summit Park View Hotel တွင်ပြုလုပ် သည့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ချက် ဆောက်ရွက်ရေး ဆွေးနွေးပွဲ အခမ်းအနား တွင် ပြောဆိုသည်။
ကချင် စစ်ပွဲ ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ဒေသခံ အဖွဲ့အစည်း ၉ ခုဖြစ်သော Bridging Rural Integrated Development and Empowerment( BRIDGE) ၊ Kachin Baptist Convention(KBC)၊ Kachin Relief and Development Committee ( KDRC) ၊ ကချင်အမျိုးသမီးအဖွဲ့အစည်း (KWA) ၊ ကချင်ဖွံ့ဖြိုးရေး အဖွဲ့အစည်း (KDG) ၊ ဂရုဏာ မြန်မာ လူမှုအဖွဲ့အစည်း (KMSS) ၊ မေတ္တာ ဖောင်ဒေးရှင်း၊ Shalom ဖောင်ဒေးရှင်း နှင့် ဝမ်ပေါင် နင်းထွဲ အဖွဲ့တို့က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် စစ်ပွဲ ဖြစ်ပွားမှု ၃ နှစ် ကျော်လာပြီဖြစ်၍ IDP စခန်းရောက် ဒုက္ခသည်များက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး စိုးရိမ် ပူပန်နေကြောင်း၊ အဘက်ဘက်မှ ပျက်စီးဆုံးရှုံးမှုများ ရှိသည့်နေအတွက် မျှော်လင့် ချက်မဲ့ နေကြကြောင်း၊ IDP စခန်းတိုင်း၌ စိတ်ဒဏ်ရာ ပုံစံမျိုးစုံ ခံစားနေရကြောင်း၊ အထူး သဖြင့် မိုးတွင်း ရောက်ရှိနေပြီ ဖြစ်၍ အကူအညီများ ရောက်ရှိရန် ခက်ခဲနေပြီး ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေကြောင်း ဖော်ပြပါရှိသည်။
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်၍ ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ဒုက္ခသည် လူဦးရေ သိန်းချီ ရှိနေကြောင်း သိရှိရသည်။