Women

အမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်းကို လူမှုအဖွဲ့အစည်းနှင့် အစိုးရ အဖွဲ့ဝင်များ ပါဝင် ရေးဆွဲနေကြောင်း သိရသည်။

အဆိုပါ မူကြမ်းတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသမီးများကို ကိုယ်စားပြု ရေးဆွဲထားကြောင်း၊ မူကြမ်းတွင် အခန်း ၁၉ ခန်း ပါဝင်ပြီး လက်ရှိ အခန်း ၅ ခန်း ဆွေးနွေးပြီးပြီ ဖြစ်ကြောင်း၊ အမျိုးသမီး အကြမ်းဖက်မှု မျိုးစုံကို ကာကွယ်ပေးသည့် ဥပဒေ ဖြစ်လာမည် ဖြစ်ကြောင်း အမျိုးသမီး အခွင့်အရေး အတွက် တက်ကြွ လှုပ်ရှားနေသည့် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ မမေစံပယ်ဖြူက ဧရာဝတီသို့ ပြောသည်။

“ဒီနှစ်ထဲမှာ ဥပဒေ မူကြမ်း အပြီးထွက်မယ်လို့ မျှော်လင့်ပါတယ်။ မူကြမ်းမှာက အဓိက အနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နှုတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကာကွယ်ပေးမယ့် ဥပေဒေပါ” ဟု မေစံပယ်ဖြူက ဆိုသည်။

၂၀၁၄ ခုနစ် ဇွန်လအတွင်းက လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ပဋိပက္ခ အခြေအနေအတွင်း လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေးအတွက် ကမ္ဘာ့ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၃
နိုင်ငံမှ ကိုယ်စားလှယ် ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

လူ့အသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်မှာ ပဋိပက္ခ
အခြေအနေများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ရေးပင် ဖြစ်ကြောင်းလည်း ကမ္ဘာထိပ်သီး ဆွေးနွေးပွဲ လုပ်ငန်း အစီအစဉ် ကြေညာချက်တွင် ဖော်ပြထားသည်။

“ကျမတို့အနေနဲ့ အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို ဆက်လက် ရေးဆွဲနေပါတယ်။ အမျိုးသမီးတွေနဲ့လည်း သုတေသန ပြုလုပ်နေပါတယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” ဟု ပြည်ထောင်စု
ဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒေါက်တာ မြတ်မြတ်အုန်းခင်က ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာအစိုးရများ အနေဖြင့် ပဋိပက္ခ အခြေအနေများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှု အားနည်းနေကြောင်း၊ အမျိုးသမီး အကြမ်းဖက်မှုကို အောက်ခြေအဆင့်အထိ ရောက်အောင် ကူညီပေးနေသည့် သူများ၏ အသံကို သိပ်မကြားရကြောင်း၊ အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျဉ်း ဆွေးနွေးသည်ကိုသာ တွေ့ရကြောင်းကို ဒေါ်မေစံပယ်ဖြူက လန်ဒန်တွင် ဆွေးနွေးခဲ့သည့် အကြောင်းနှင့် ပတ်သက်ပြီး ပြောပြသည်။

အမျိုးသမီး ကိစ္စနှင့်ပတ်သတ်ပြီး နိုင်ငံတကာအစိုးရများမှ မည်သို့ပြုလုပ် ဆောင်ရွက်မည်ကို မြန်မာအမျိုးသမီး တက်ကြွ လှုပ်ရှားသူများက စိတ်ဝင်စားနေကြသည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) အစီရင်ခံစာ၌ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင်ပြောင်းလဲ နေချိန်တွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခုကဲ့သို့ အသုံးပြုနေမှုကို ရပ်တန့်စေလိုကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို စုံစမ်းစစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျှက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading