တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ထိုင်း စစ်ဗိုလ်ချုပ် ကြီးများ၏ ဆုံးဖြတ်ချက်ကို ချီးမွမ်းပြောကြား လိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံမှ တဆင့် ထိုင်းနိုင်ငံသို့ ယမန်နေ့နံနက်ပိုင်းက ချစ်ကြည်ရေး ခရီး ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ထိုင်းဘုရင့်တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝိုရာပေါင် က လေဆိပ်တွင် ကြိုဆိုရေး အခမ်း အနားနှင့်တကွ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့သည်။
ထိုင်းစစ်တပ်အနေဖြင့် နိုင်ငံတော် လုံခြုံရေးနှင့် အများပြည်သူ အေးချမ်းလုံခြုံမှု ရှိစေရေးအတွက် တာဝန်အရ လုပ်ဆောင်ခဲ့ရ ခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်ဟု ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တနာဆတ် ပတ်တီ မက်ပရာဂွန်က သတင်းထောက်များကို ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ ထိုင်းအစိုးရအဖွဲ့ ဖြစ်သည် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး(NCPO)အဖွဲ့မှ ချမှတ်ထားသည့် လမ်းပြမြေပုံ၏ အောင်မြင်မှုများအပေါ် ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အခြေအနေမှာ လက်ရှိ ထိုင်းနိုင်ငံဖြတ်သန်းရသည့် အခြေအနေထက် ပို၍ဆိုးရွားကြောင်း နှိုင်းယှဉ်ပြောဆိုသည်ဟု ဗိုလ်ချုပ်ကြီး တနာဆတ် ပတ်တီ မက်ပရာဂွန်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။
ထို့အပြင် ထိုင်း-မြန်မာ ၂ နိုင်ငံ နယ်စပ်အရေး ပိုမိုအားကောင်း ခိုင်မာစေရေး၊ ကာကွယ်ရေး ဆိုင်ရာများကို အဆင့်တိုင်း၌ နက် နက် ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်ရေး၊ တပ်မတော် ခေါင်းဆောင်များ အချင်းချင်း အပြန်အလှန် လည်ပတ်ရေး၊ ယခုနှစ် ထိုင်းနိုင်ငံ တွင် ကျင်းပမည့် နိုင်ငံစုံ ရွှေမြွေဟောက်ပူးပေါင်း စစ်ဆင်ရေး (Cobra Gold) တွင် မြန်မာ့တပ်မတော် ပါဝင်မှုကိစ္စများ ကို လည်း ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်း-မြန်မာ တပ်မတော် ခေါင်းဆောင်များ ဆွေးနွေးကြကြောင်းလည်း သိရသည်။
NCPO ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တနာဆတ် ပတ်တီ မက်ပရာဂွန်ကလည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကို စောင့်ရှောက်သွားမည်ဖြစ်ပြီး တရားမဝင် အလုပ်သမားများ အသုံးပြုမှုကို အဆုံးသတ်စေရေး လုပ်ဆောင်၍ တရားဝင် အနေ အထား ဖြစ်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ရှင်းပြခဲ့သည်ဟု သတင်းစာ ရှင်းလင်း ပွဲတွင် ပြောဆိုသည်။
ထိုင်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တရားမ ဝင်လက်နက်၊ မူးယစ်ဆေးဝါး၊ မှောင်ခိုလုပ်ငန်း၊ လောင်းကစား၊ တရားမဝင် အလုပ်သမားများ၊ လူကုန်ကူးသူများကို ဖမ်းဆီးနှိမ်နင်းလျက်ရှိရာ၊ အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့် နိုင်ငံများမှ အလုပ်သမားများ ထိုင်းနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ ယခုအခါ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် မှတ်ပုံတင်ရေး ပထမဆုံး စင်တာကို စမွတ်စခွန် အရပ်တွင် စတင်ဖွင့်လှစ်နေပြီ ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား စုစုပေါင်း ၃ သန်းခန့် ရှိမည်ဟု အလုပ်သမား အရေး လှုပ်ရှားသည့် အဖွဲ့များက ခန့်မှန်းထားကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စတင် တာဝန်ထမ်းဆောင်သည့် နောက်ပိုင်း ထိုင်းနိုင်သို့ တတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပထမအကြိမ်က ၂ နိုင်ငံ တပ်မတော်ချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန် လုပ်ဆောင် နိုင်ခဲ့သည့်အတွက် ၂၀၁၃ ခုနှစ် မေလက ထိုင်း ဘုရင်မင်းမြတ်၏ ဂုဏ်ထူးဆောင် တော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံထားရသူလည်း ဖြစ်သည်။