မန္တလေးဖြစ်စဉ်နှင့် ပက်သက်ပြီး သတင်းသမားများအပေါ် ခြိမ်းခြောက်မှုများ ပိုမိုများပြားလာသည့်အတွက် အစိုးရအနေဖြင့် ထိရောက်သော ကိုင်တွယ်မှုများ ပြုလုပ်ရန် လိုအပ်လာပြီဖြစ်ကြောင်း မီဒီယာအသိုင်းအဝိုင်းက ပြောဆိုကြသည်။
အခင်းဖြစ်ရပ်များသို့ ရောက်ရှိနေသော သတင်းသမားများကို ခြိမ်းခြောက်မှုများ ရှိနေသည့်အပြင် သတင်းဌာနများသို့ တိုက်ရိုက် ချိန်းခြောက်မှုများ၊ လူမှုကွန်ရက်များတွင် သတင်းသမားများကို ဦးတည်ပစ်မှတ်ထားကာ အကြမ်းဖက် တိုက်ခိုက်ရန် လှုံဆော်မှုများ ရှိလာသဖြင့် အစိုးရက ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း မြန်မာ ဂျာနယ်လစ်များကွန်ရက် (MJN) မှ အတွင်းရေးမှူးဖြစ်သူ ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
လမ်းပေါ်တွင် ဓား၊ တုတ်များ ကိုင်ဆောင်ပြီး အကြမ်းဖက်မှုများကို ဖော်ထုတ် အရေးမယူနိုင်ခဲ့သည့် အတွက်ကြောင့် ပြည်သူများအပေါ် ဖြစ်ရပ်မှန်များ တင်ပြပေးနိုင်ရန် ကြိုးစားသည့် သတင်းသမားများပေါ်လည်း ပစ်မှတ်ထားလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အွန်လိုင်းတွေမှာ တော်ရုံပြောတာကို ထားပါ။ သတ်ကြ၊ ဖြတ်ကြ ဆိုတဲ့ ပုံစံမျိုးအထိ ပြောနေကြတဲ့ သူတွေကို ဖော်ထုတ်အရေးယူဖို့ လိုအပ်လာပြီ။ အဲဒါတွေ မလုပ်သမျှ ကာလပတ်လုံး ဒီ့ထက် ပိုဆိုးဖို့ပဲရှိတယ်။ လူမှုကွန်ရက်တွေမှာ ဆူပူ အောင်လှုံ့ဆော်နေတာကို အရေးယူဖို့ အစိုးရမှာ နည်းလမ်းတွေ ရှိပါတယ်။ တချို့ ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင်တွေက နာမည် အစစ်တွေ။ အဲဒီလူတွေကို ခေါ်မေး။ ဒီအကောင့်မှာ ဒီလိုပြောတာ ဟုတ်၊ မဟုတ် စစ်ပေါ့၊ မဟုတ်ရင်လည်း မဟုတ်ကြောင်း ပြန်ကြေညာပေါ့။ တကယ်တမ်း ပြောရရင် အစိုးရရဲ့ ကိုင်တွယ်ပုံပဲ။ တကယ့် ပြည်သူတွေရဲ့ လုံခြုံရေးကိုတောင် အပြည့်အ၀ တာဝန်မယူနိုင်ခဲ့တာ သတင်းသမားတွေဆို ပြောစရာမလိုတော့ဘူး” ဟု ဦးမြင့်ကျော်က ဆက်ပြောသည်။
တချို့နေရာများတွင် သတင်းသမားများကို တိုက်ရိုက် ခြိမ်းခြောက် ပြောဆိုခြင်းများ မရှိသော်လည်း သတင်းသမားများကို ဓာတ်ပုံ ပြန်ရိုက်သွားခြင်းမျိုးလည်း ရှိကြောင်း၊ သတင်းသမားများ ရောက်လာလျှင် ရန်ပြုမည့်အသွင်များ တွေ့ရသောကြောင့် သတင်းမှတ်တမ်းများ မရိုက်ကူးရဲတော့သည့် ဖြစ်ရပ်မျိုးလည်း တွေ့ရကြောင်း မန္တလေးအခြေစိုက် ဓာတ်ပုံသတင်းထောက်တဦးက ပြောသည်။
ညဉ့်အချိန်တွင် အခင်းဖြစ်ပျက်သည့်အတွက် အမှောင်ထဲတွင် သတင်းလိုက်ကြရသော သတင်းသမားများ၏ အကာအကွယ် ဆိုသည်က ဘယ်မှာလဲ၊ ဘာလဲဆိုသည့် မေးခွန်းများ မေးရတော့မည့် အနေအထားမျိုးဖြစ်ကြောင်း နိုင်ငံခြားသတင်းဌာနတခုမှ သတင်းသမားတဦးကလည်း မေးခွန်းထုတ်လိုက်သည်။
“၃၅ လမ်းနဲ့ ၈၄ လမ်းထောင့်က ဗလီနဲ့ ဆိုင်ခန်းတချို့ကို ခဲတွေနဲ့ပေါက်၊ တုတ်တွေနဲ့ ရိုက်နေတာကိုတွေ့တော့ ကျနော်တို့ ဓာတ်ပုံတွေ ရိုက်နေတုန်း၊ အဲဒီလူစုထဲက သုံး၊ လေးယောက်က ကျနော်တို့ဘက်ကိုလာပြီး ဟေ့ကောင်တွေ ဘာတုန်းကွ ဆိုပြီး အော်တော့ ကျနော်တို့လည်း ဆိုင်ကယ်မောင်းပြေးခဲ့ရတယ်။ ဒီလိုပဲ ဟိုနေရာမှာတော့ လူတွေစုနေပြီ၊ ဒီနေရာမှာတော့ ခဲတွေနဲ့ပစ်နေတယ် စသဖြင့် သတင်းတွေ ရောက်ရောက်လာတိုင်း အခင်းဖြစ်နေရာတွေကို သွားကြည့်တဲ့ အခါမှာလည်း ရန်လိုလာတဲ့ လူအုပ်ကြီးနဲ့ တိုးလို့ ပြန်လှည့်ပြေးခဲ့ရတာ နှစ်ကြိမ်ထက် မနည်းပါဘူး” ဟု ပြည်တွင်း သတင်းသမားတဦးက ဆိုသည်။
ထို့အပြင် ဇူလိုင် ၆ ရက်နေ့က 7 Day သတင်းစာ၏ ရုံးအီးမေလ်းအတွင်းသို့ ခြိမ်းခြောက်သည့် စာများပေးပို့မှုကို ကြုံတွေ့ခဲ့ရကြောင်း၊ ‘သတင်းစာကျင့်ဝတ်များကို မပြောနေနှင့်၊ ဘက်လိုက်မည်ဆိုလျှင် အကြောင်းသိစေရမည်’ ဟု ရေးသားခဲ့ကြောင်း 7 Day သတင်းစာ၏ အမှုဆောင် အယ်ဒီတာ ကိုအားမာန်က ဧရာဝတီသို့ ပြောသည်။
ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် လှုံဆော်ပေးနေသူများက သတင်းသမားများအပေါ် ပစ်မှတ်ထားလာသည် ဟုလည်း ယူဆရကြောင်း၊ မိမိတို့ထံ ပို့ခဲ့သော အီးမေလ်းကိစ္စနှင့် ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့ရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ကိုအားမာန်က “အခုဖြစ်နေတာက သူတို့လုပ်လိုက်တာက အပြစ်မဟုတ်ဘူး။ မီဒီယာတွေက ဖော်ပြတော့မှ သူတို့အပြစ် ဖြစ်ရတယ်၊ ဖော်ပြမှုတွေက တဖက်စောင်းနင်း ဖြစ်နေတယ်၊ ကျနော်တို့က ၂ ဖက်စလုံးကို ဖော်ပြပေမယ့် ဒါကို သူတို့ နားမလည်ဘူး၊ သူတို့ ကြားထဲမှာ ဖြစ်နေသလိုမျိုး တဖက်သတ်ပဲ ဖော်ပြရမယ်၊ အဲဒီလို မဖော်ပြတော့ ဒေါသထွက်ပြီး ပြန်ရန်မူဖို့ လုပ်လာတာ။ ဒါကို အာဏာပိုင်ဘက်က တကယ့် ထိရောက်အောင် မလုပ်ဘူးဆိုရင် စာပေလွတ်လပ်ခွင့် ပေးပြီးနောက်ပိုင်း အာဏာပိုင်တွေဘက်က ခြိမ်းခြောက်လာတာနဲ့၊ ပဋိပက္ခတွေ မကြာခဏ ဖြစ်နေတဲ့အချိန်မှာ သတင်းထောက်တွေကို ပိုပစ်မှတ်ထားလာတာနဲ့ နောက်ပိုင်းမှာ တော်တော်လေး လုပ်ရကိုင်ရ ခက်လာမယ့် အနေအထားပဲ” ဟု ဆိုသည်။
မန္တလေး ပဋိပက္ခ ဖြစ်စဉ်အတွင်း မန္တလေးသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေသည့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းတခုမှ တာဝန်ရှိသူတဦးက “ရဲတွေက သေနတ်ကို နောက်ပစ်လွယ်ထားတယ်၊ ဆိုင်ကယ်နဲ့ တိုးလာတဲ့ လူအုပ်ကို ဒိုင်းတွေနဲ့ ပိတ်ကာထားတယ်။ ဆိုင်ကယ်တစီးကို ၃ ယောက်လောက် စီးလာပြီး တုတ်တွေ၊ ဓားတွေ ကိုင်ထားတယ်။ ဆိုင်ကယ်စီး ရမ်းကားတဲ့သူတွေက ဆိုင်ကယ်နဲ့ ရဲတွေရဲ့ ဒိုင်းတွေကို တိုးတာ မခံနိုင်လို့ ရဲက လမ်းဖယ်ပေးလိုက်ရတယ်။ ရဲက ထိထိရောက်ရောက် ဘာမှ မလုပ်ဘူး။ တုတ်တွေကိုင်ထားတဲ့ လူတချို့ကလည်း ကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့ကောင်ဆို ချကွာ၊ ရိုက်ကွာဆိုပြီး ပြောနေတာတွေ တွေ့ရတယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် ပဋိပက္ခ စတင်ဖြစ်ပျက်သည့် ညအချိန်က သတင်းဓာတ်ပုံ ရိုက်ယူနေစဉ် ရဟန်းတချို့နှင့် ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်နေသူတချို့တို့က ဝိုင်းလာသောကြောင့် ကင်မရာထဲမှ Memory Card ထုတ်ပေးလိုက်မှ ကြေအေးသွားကြကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မန္တလေး အခြေစိုက် သတင်းထောက်တဦးက ဧရာဝတီကို ပြောသည်။
“ပထမညက သူများတွေလည်း ရိုက်ကြတော့ ကျနော်လည်း ဖုန်းနဲ့ အရင်ရိုက်တယ်။ ဖုန်းကဓာတ်ပုံက မကောင်းတော့ ကင်မရာထုတ်ပြီး ရိုက်တာမှာ သင်္ကန်းဝတ်နဲ့ သံဃာတပါးက မင်းလုပ်တာလဲ၊ ငါ့ပုံတွေဖျက်ဆိုပြီး စဖြစ်တယ်။ နောက်တော့ လူအုပ်ပါ ဝိုင်းလာတယ်။ ကျနော်က သတင်းအတွက် ရိုက်တာပါ၊ မျက်နှာတွေလည်း သိပ်မပေါ်ပါဘူးဆိုပြီး ပုံတွေကို ပြန်ပြတယ်။ အဲဒီမှာ တချို့က သတင်းသမားမှန်း သိတော့ မှားမယ်၊ မလုပ်ကြနဲ့လို့ ပြောပြီးတားတယ်။ တချို့ကတော့ ဟာ … ရိုက်ကွာ၊ ကင်မရာကို ရိုက်ခွဲကွာဆိုပြီး ဖြစ်နေတာ။ နောက်ဆုံး ကျနော်က ကင်မရာထဲက Memory Card ကို ထုတ်ပေး လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်နေချိန်တွင် သတင်းသမားများကို ရန်ပြု အကြမ်းဖက်ခြင်းသည် ယခုအကြိမ်နှင့် ဆိုလျှင် ဒုတိယမြောက်ဖြစ်ကြောင်း၊ မိတ္ထီလာမြို့တွင် ပဋိပက္ခ ဖြစ်ပွားချိန်ကလည်း ထိုကဲ့သို့ သတင်းသမားတချို့ အကြမ်းဖက် ခံခဲ့ရသေးကြောင်း သိရသည်။
Marn Htan Myo အမည်ရှိ ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင်သည် ဧရာဝတီ၊ မဇိ္ဈမ၊ ကမာရွတ်မီဒီယာ စသော သတင်းဌာနများမှ သတင်းသမားများ၏ ဖေ့စ်ဘုတ်အကောင့်များ၊ ဓာတ်ပုံများကိုဖြန့်ဝေကာ အကြမ်းဖက်၊ တိုက်ခိုက်ရန် လှုံဆော်နေမှုများကိုလည်း တွေ့ရသည်။
ထို့အပြင် သံဃာတော်များ၏ ဘွဲ့အမည်၊ ဓာတ်ပုံများ၊ ပရိုဖိုင်းများ အကာအကွယ်ယူ တင်ထားကာ လှုံ့ဆော်မှုများလည်း ရှိနေသည်။
မန္တလေးမြို့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ထုတ်ပြန် ကြေညာချက်ကို ပြုပြင် ဖြတ်တောက်ကာ “ရဲသွေး” ဆိုသူက လူမျိုးရေး၊ ဘာသာရေး ရန်မီးပွားအောင် အင်တာနက်ပေါ်တွင် လှုံ့ဆော်ခဲ့မှုနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၁၇၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (က) တို့နှင့် ငြိစွန်းကြောင်း၊ ပြစ်မှုကျူးလွန်သူများကို အာဏာပိုင်များ အနေဖြင့် လျင်မြန်စွာ ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးရန် လိုအပ်ကြောင်း ဇူလိုင် ၇ ရက် နေ့စွဲဖြင့် NLD က ထုတ်ပြန်ကြေညာခဲ့သည်။
“ဖေ့စ်ဘုတ်တွေမှာက တချို့က ပရိုဖိုင်း အစစ်အမှန် တင်ထားတာ မဟုတ်ဘဲနဲ့ သတင်းသမားတွေကို ခြိမ်းခြောက်တာမျိုး၊ လမ်းမှာတွေ့ရင် ဘာညာဆိုတာမျိုးတွေ လုပ်လာတယ်။ အခင်းဖြစ်တဲ့နေရာတွေမှာ ကြုံတွေ့လိုက်ရတာကြောင့် တချို့ သတင်းသမားတွေဆိုရင် အပြင် သိပ်မထွက်ရဲတော့တာမျိုးတော့ ရှိတယ်။ ဒီနေ့အထိတော့ အပြင်မှာ ကိုယ်ထိလက်ရောက် လာကျူးလွန်တာမျိုးတော့ မတွေ့ရသေးဘူး။ တခြား သတင်းသမားတွေ ဆီကလည်း မကြားမိသေးဘူး” ဟု မန္တလေး အခြေစိုက် နိုင်ငံခြား သတင်းထောက်တဦးက ဆိုသည်။
ယခု မန္တလေး ပဋိပက္ခဖြစ်စဉ်ကို ပြန်ကြည့်လျှင် ပဋိပက္ခ မဖြစ်ခင် မန္တလေးမြို့အတွင်း၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး လူထုသဘောထား လက်မှတ်ကောက်ခံနေမှုများကို ခွင့်ပြုချက် ယူရတော့မည်ဟု ကန့်သတ်လိုက်ခြင်း၊ တားဆီး ပိတ်ပင်မှုမျိုး ပြုလုပ်ရန် ပြင်ဆင်ခြင်းတို့နှင့် တိုက်ဆိုင်နေခြင်းကြောင့် မိမိအနေဖြင့် သံသယဖြစ်မိကြောင်း မန္တလေးမြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးဘိုဘိုက ဧရာဝတီကို သုံးသပ်ပြသည်။
“ကျနော်ကတော့ သံသယရှိတယ်။ ကျနော်လည်း အခင်းဖြစ်ဖြစ်ချင်း သွားကြည့်ပါတယ်။ ပထမ စဖြစ်တာက လက်ဖက်ရည်ဆိုင်ကို ပိတ်လို့ ဘာလို့ ပိတ်တာလဲဆိုပြီး အစ္စလာမ် ဘာသာဝင်တွေဘက်ကနေ လူစုသလို ဖြစ်သွားတယ်။ အဲဒီမှာ တဖက်မှာလည်း လူပြန်စုကြတာ။ အဲဒီကနေ တဖက်နဲ့တဖက် သံသယတွေ ပိုကြီးပြီး ဖြစ်တော့တယ်။ ဒီဟာ ဖြစ်တာက လူမျိုးရေး ပဋိပက္ခလို့တော့ ကျနော် မမြင်ဘူး။ လူမျိုးစု ၂ ဖက်မှာလည်း အကြောက်တရားတွေနဲ့၊ မယုံကြည်မှုတွေနဲ့ ဖြစ်ခဲ့ကြတာ။ မန္တလေးတိုင်းအစိုးရအဖွဲ့ ကိုင်တွယ်တာ ညံ့ဖျင်းမှုလည်း အဓိက ကျတယ်။ ရိုးရိုးသားသားနဲ့ ဖြစ်လာတာလို့ မထင်ဘူး” ဟု ၎င်းက ဆိုသည်။