ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်တွင်းရှိ အုန်းပြန့် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ထိုင်း စစ်တပ် အပါအဝင် ထိုင်း အာဏာ ပိုင်များက ယမန်နေ့က လူဦးရေ စစ်ဆေးမှုပြုလုပ်ကြောင်း သတင်းရရှိသည်။
အုန်းပြန့် ဒုက္ခသည်စခန်း ဇုန် အေနှင့် ဇုန် ဘီ တို့တွင် ရှိနေကြသော စခန်းတွင်း လူဦးရေ စစ်ဆေးမှုကို ဇူလိုင်လ ၈ ရက်နေ့က ထိုင်းစစ်သားများက လုံခြုံရေး အပြည့်ယူ၍ တပြိုင်တည်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
နံနက် ၆ နာရီအရောက် ဇုန်ဘီဘောလုံးကွင်းနေရာတွင် ဒုက္ခသည်အားလုံး စုဝေးစေပြီးလျှင် အကာအရံကြိုးများ တန်း၍အဝင် အထွက် ပိတ်ပင်လိုက်ကာ အထွက်ပေါက်တခုထား၍ လူတဦးလျှင် လက်မှတ်တစောင်နှုန်း၊ လက်ပေါ်တွင် ဆေးအပြာဖြင့် အမှတ် အသားပြုကာ လူ စိစစ်မှုလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဒုက္ခသည်စခန်းတွင်းမှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုလှသန်းက ဧရာဝတီကို ရှင်းပြသည်။
“ကလေးတွေကိုတော့ လက်တွေကို ဆေးပြာနဲ့ အမှတ်အသားမပြုဘူး၊ ဒါပေမယ့် မွေးကင်းစကလေးက အစ လက်မှတ် တစောင် ပေးတယ်”ဟု သူက ဆိုသည်။
အပြာနုရောင် လက်မှတ်တွင် လူအမှတ်စဉ်၊ နာမည်နှင့်အခြား ကိုယ်ရေးအချက်များ ဖြည့်စွက်ရန် ဖော်ပြထားသည်။ အဆိုပါ လူစစ်လက်မှတ်စာရွက်များကို အမှတ်စဉ်သာ ထိုးထားပြီး အမည်နှင့် အခြား ကိုယ်ရေးအချက်များကိုမူ ဖြည့်စွက်ရခြင်း မရှိသေးဘဲ လာမည့် ဇူလိုင်လ ၁၅ ရက်တွင် ဒုက္ခသည်စခန်းတွင်း ရပ်ကွက်အလိုက် ထပ်မံ စာရင်းပြုစုမည်ဟုလည်း ဆိုသည်။
ထိုကဲ့သို့ ဒုက္ခသည် လူစာရင်း စစ်ဆေးနေချိန်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ခံ၊ ထိုင်း-မြန်မာ နယ်စပ် အကူအညီ ပေးရေး အဖွဲ့(TBC) တာဝန်ခံ၊ ဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး၊ ထိုင်း စစ်တပ်အရာရှိများနှင့် ခရိုင် ဥက္ကဋ္ဌ များလည်း အတူရှိနေကြောင်း သိရသည်။
လူဦးရေ ၇၀၀၀ ကျော်ရှိသော ဇုန် အေနှင့် လူဦးရေ ၆၀၀၀ ဝန်းကျင်ရှိသည့် ဇုန် ဘီတို့တွင် ထိုကဲ့သို့ ဒုက္ခသည် လူ စာရင်း စိစစ်မှု လုပ်ငန်းစဉ်ကို နေ့လယ်ပိုင်းတွင် ပြီးဆုံးသွားခဲ့ပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ လူဦးရေ စိစစ်ခြင်း လုပ်ဆောင် သည်ကို ရှင်းလင်းစွာ မသိရသေးပေ။
အုန်းပြန့် ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ၏ ဒုက္ခသည်အဖြစ် တရားဝင် မှတ်ပုံတင် ရရှိထားသူများ ရှိသကဲ့သို့ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ ဒုက္ခသည်စခန်းသို့ ရောက်လာသည့် ဒုက္ခသည် အသစ်များလည်း ရှိသည်။
ဒုက္ခသည် အသစ်များကို စခန်းတွင်း အုပ်ချုပ်ရေးမှူးနှင့် TBC တို့မှ ယာယီဒုက္ခသည်အဖြစ် သတ်မှတ်၍ ရိက္ခာစာအုပ် ထုတ် ပေး ထားသည်။
“အခုလို လူစာရင်း လုပ်တာကြောင့် ကျနော်တို့ ဒုက္ခသည်တွေကို မြန်မာပြည်ပြန်ပို့ရေး လုပ်မှာလည်း စခန်းထဲက လူတွေက စိုးရိမ်နေကြတယ်”ဟု ကိုလှသန်းက ပြောသည်။
ယခုကဲ့သို့ ဒုက္ခသည် စခန်းအတွင်း လူဦးရေစိစစ်မှု လုပ်ငန်းများလုပ်ကိုင်နေမှုနှင့်ပတ်သက်၍ အသေးစိပ် သိလိုသောကြောင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ Somchai Hatayatanti နှင့် အုန်းပြန့်စခန်း ကော်မတီ ဥက္ကဋ္ဌတို့ အား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုသူ မရှိခဲ့ပေ။
လွန်ခဲ့သည့် မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက်ပိုင်း ထိုင်း စစ်အစိုးရက မြန်မာဒုက္ခသည်စခန်းများအား ဇွန်လက စတင်ပြီး စခန်း အဝင်အထွက်မလုပ်ရဘဲ လုံခြုံရေး တင်းကျပ် ထားခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင်တွင်းရှိ မြန်မာဒုက္ခသည်စခန်းများအား ဇူလိုင်လ ၈ ရက်နေ့မှ စတင်ကာ စခန်းတွင်း လူဦးရေ စိစစ်မှုများ လုပ်မည်ဟု သတင်းကြားခဲ့ကြောင်း၊ ဒုက္ခသည်အများဆုံး ရှိသည့် မယ်လ ဒုက္ခသည်စခန်းကို စခန်း အဝင်အထွက် မလုပ်ရသည့်အတွက် လူဦးရေ စိစစ်မှု လုပ်မလုပ် သေချာ မသိရသေးကြောင်း ထိုင်းနိုင်ငံ မဲဆောက် မြို့နေ မန်းမျိုးမြင့်က ဧရာဝတီကို ပြောသည်။
တာ့ခ်ခရိုင်အတွင်း မယ်လ၊ အုန်းပြန့်၊ နို့ဖိုး ဟူသည့် ဒုက္ခသည်စခန်း ၃ ခု ရှိရာ နို့ဖိုးစခန်းတွင် လွန်ခဲ့သည့် လကပဲ စခန်းတွင်း အဝင်အထွက်များ တင်းကျပ်စွာ ပိတ်ထားသည့်အပြင် ဒုက္ခသည်စခန်းတွင်းရှိ တယ်လီဖုန်းလိုင်းများ၊ တီဗီ စလောင်းများ၊ လက်ကိုင်ဖုန်းများကိုလည်း ဖြုတ်သိမ်းထားခဲ့ရကြောင်း နို့ဖိုး ဒုက္ခသည်စခန်းနှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။
ထိုင်းနိုင်ငံရှိ မယ်ဟောင်ဆောင် ခရိုင်၊ တာခ့် ခရိုင်၊ ကန်ချန ဘူရီ ခရိုင် စသည်တို့တွင် ကရင်ဒုက္ခသည် စခန်းပေါင်း ၇ ခု နှင့် ကရင်နီ ဒုက္ခသည်စခန်း၂ ခု၊ စုစုပေါင်း ၉ ခုရှိပြီး ဒုက္ခသည် ဦးရေ စုစုပေါင်း ၁ သိန်းကျော် ရှိကြောင်း TBC က ထုတ်ပြန် ထားသည်။