မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ စစ်တပ်လျှို့ဝှက် လက်နက်စက်ရုံ အကြောင်း သတင်းရေးသား ဖော်ပြ သော ယူနတီ ဂျာနယ်မှ သတင်းသမားများဖြစ်ကြသည့် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် ဦးသဲရာဇာဦး၊ ဦးပိုက်သက်ကျော်၊ ဦးလူမော်နိုင်၊ ဦးစည်သူစိုးတို့ ၅ ဦး နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ပခုက္ကူခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်များ ယနေ့ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယူနတီ ဂျာနယ် အတွဲ ၃၊ အမှတ် ၄ တွင် ဖော်ပြခဲ့သော လျှို့ဝှက် လက်နက်စက်ရုံ သတင်းရေးသား ဖော်ပြမှုသည် နိုင်ငံ တော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေအရ ပြစ်ဒဏ် ထင်ရှားသောကြောင့် တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်သည်ဟုဆိုပြီး တရားစွဲဆိုစဉ် ကာလအတွင်း ချုပ်နှောင်ထားသည့် အချိန်များအတွက်လည်း လျှော့ရက် ခံစားခွင့် မပြုကြောင်း၊ ယူနတီဂျာနယ် သတင်းထောက် ဦးလူမော်နိုင်၏ ဇနီးဖြစ်သူ မလွင်လွင်မြင့်က ဧရာဝတီကို ပြောသည်။
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ၃၂ (က)/ ၉ ဆိုသည့် ပုဒ်မဖြင့် သတင်းထောက်များကို အရေးယူပြစ်ဒဏ် ချမှတ် လိုက်ခြင်းသည် ဥပဒေကြောင်း အရ လွဲမှားစွာ အပြစ်ပေးခြင်း ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ အယူခံတက်မည်ဟု ယူနတီ သတင်းသမားများ၏ ရှေ့နေ ဦးဝါဝင်းမောင်က ဆိုသည်။
“မနက်ဖြန် အယူခံတက်ဖို့ ပြင်ဆင်မယ်။ ဒီလို မီဒီယာ သမားတွေကို မတရား ဖိနှိပ်ပြီး ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပေးတာ လွန်လွန်းတယ်။ ၁၀ နှစ်ဆိုတဲ့ အချိန်ကို တရားမျှတမှု မရှိဘဲနဲ့ ချလိုက်တာ။ အိမ်မှာက သူက အိမ်ထောင်ဦးစီး ဆိုတော့ ကျမအနေနဲ့ အားကိုးအားထား ပြုထားရတာ။ ကျမ အတွက် ဘ၀ လုံခြုံမှုတွေ လိုအပ် သွားတာပေါ့” ဟု ပြစ်ဒဏ် ချမှတ် ခံထားရသော ဦးလူမော်နိုင်၏ ဇနီး မလွင်လွင်မြင့် က ဧရာဝတီသို့ပြောသည်။
ယူနတီသတင်းသမားများ၏ ရှေ့နေတဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က ယူနတီဂျာနယ် ကို တရားစွဲဆိုခဲ့မှုသည် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ်ဆိုသူ ပေးပို့သော စာအရ တပ်မတော်က တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တိုး တက်မှုရဲ့ ပုံရိပ် အတွက်လည်း လုံး၀ မကောင်းပါဘူး။ ကျနော်တို့ အယူခံ ဝင်ကြ မယ် ဆိုတာကလည်း ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်မှာ စိုးရိမ်လို့ အယူခံ ဝင်မှာပါ” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
ယူနတီဂျာနယ်သတင်းသမားများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်မှုအပေါ် သတင်းမီဒီယာအသိုင်းအဝိုင်းက သတင်း လွတ်လပ်ခွင့်ကို ဖိနှိပ်သော လုပ်ရပ်အဖြစ် ရှုတ်ချပြောဆိုနေကြပြီး သတင်းလွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားတောင်းဆိုသွား မည်ဟု ဆိုကြသည်။
“အင်မတန် ပြင်းထန်တဲ့ ပြစ်ဒဏ်ပဲ။ အစိုးရက မီဒီယာသမားတွေ ကြောက်လန့်အောင်၊ အထူးသဖြင့် တပ်မတော်နဲ့ ပတ် သက် တဲ့ ကိစ္စတွေကို မရေးသားရဲအောင် လုပ်တယ်လို့ မြင်တယ်။ ဒီသတင်း ရေးသားမှုရဲ့ အကျိုးဆက်ကို အစိုးရ အနေနဲ့ ထင်ထင် ရှားရှား မပြနိုင်ဘဲနဲ့၊ သတင်း အချက်အလက်က မှားတယ် ဆိုရင်တောင် အကျိုးဆက်က ဘာမှ မရှိဘဲနဲ့ ဒီလို ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပေးလိုက်တာက အကြောက်တရား ရစေအောင် ရည်ရွယ်ပြီး ပေးတဲ့ ပြစ်ဒဏ်လို့ ကျနော် ယူဆတယ်” ဟု မြန်မာဂျာနယ်လစ် ကွန်ရက်၏ အတွင်းရေးမှူး ဖြစ်သူ ဦးမြင့်ကျော်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ယူနတီဂျာနယ်မှ သတင်းထောက်များကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းသည် သတင်းမီဒီယာလောကကို ခြိမ်းခြောက်မှုပင်ဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။