ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးအရေးယူ ထောင်ချခံနေရသော မီဒီယာသမားများအတွက် သမ္မတ၏ လုပ်ပိုင်ခွင့်ဘောင် အတွင်းမှနေ၍ “နစ်နာမှု မရှိစေရအောင် ဆောင်ရွက်ပေးသွားမည်” ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ နေပြည်တော်ရှိ သမ္မတ လယ်တော အိမ်ရာအနီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သစ်သီးဝလံ ခန်းမတွင် ယနေ့ သြဂုတ်လ ၁ ရက်နေ့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“သမ္မတက သူ့လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ နစ်နာမှု ရှိခဲ့တဲ့ မီဒီယာသမားတွေအတွက် နစ်နာမှု မရှိရအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ဥပမာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရတဲ့ သတင်းသမားတွေ အတွက်ဆိုရင် သူအနေနဲ့ Withdraw လုပ်ပေးလို့ ရနိုင်တယ်။ ဟို Unity အမှု ကျတော့ ချက်ချင်းလွတ်စေလို့ သူလုပ်လို့ မရနိုင်ဘူး။ ပြစ်ဒဏ် လျှော့ပေါ့အောင် လောက်ပဲ လုပ်နိုင်လိမ့်မယ် ထင်တယ် ” ဟု သမ္မတ ဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံခဲ့သူ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ ဦးဇော်သက်ထွေးက ပြောသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ယူနတီ ဂျာနယ်မှ သတင်းသမား ၅ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ထို့ပြင် ဇူလိုင်လ ၇ ရက်နေ့တွင် ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး တောင်းဆိုသည့်သတင်း ဖော်ပြခဲ့သည့် Bi မွန်းတည့်နေဂျာနယ်မျ ထုတ်ဝေသူနှင့် သတင်းသမားများကို အရေးပေါ် စီမံမှု
အက်ဥပဒေပုဒ်မ ၅(ဃ) ၊ ၅ (ည) တို့ဖြင့် အမှုဖွင့် အရေးယူခံထားရပြီး တရားရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် လများအတွင်းကလည်း ရဲသတင်း အထူးတပ်ဖွဲ့က ဧရာဝတီ သတင်းဌာန အပါအဝင် သတင်း မီဒီယာတချို့၏ လုပ်ငန်းလည်ပတ် စီးဆင်းမှု အခြေအနေများကို အထက်ညွှန်ကြားချက် အရဟု ဆိုကာ ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သေးသည်။
သမ္မတ ဦးသိန်းစိန် အစိုးရက သတင်း မီဒီယာသမားများကို တရားစွဲဆိုခြင်း၊ ဖမ်းဆီး ထောင်နှစ်ရှည် ချမှတ်ခြင်းများ လုပ်ဆောင်နေသည့်အပေါ် မီဒီယာများက ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက် နေချိန်တွင် သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က အစိုးရ၊ အဖွဲ့အစည်းအသီးသီးနှင့် မီဒီယာကြား ပြဿနာ တစုံတခုပေါ်ပေါက်ပါက ဝင်ရောက်ဆောင်ရွက်ခွင့်ရှိပြီး ကောင်စီ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း၊ မဏ္ဍိုင်ကြီး ၄ ခု ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် မီဒီယာတို့ ကြားတွင် ဖိုရမ်တခု ပြုလုပ်မည်ဖြစ်ပြီး ယင်းဖိုရမ်ကို အစိုးရမှ တာဝန်ယူ ကျင်းပပေးမည်ဖြစ်ကြောင်း၊ အစိုးရရုံးများတွင် သတင်းရယူရေး ခက်ခဲနေသည့် ကိစ္စများအတွက်လည်း အစိုးရမှ သတင်းအချက်အလက်များ
ထုတ်ပြန်ပေးနိုင်ရန်အတွက် အစီအစဉ် အသစ်တခု ပြောင်းလဲပြီး လုပ်ဆောင်ပေးသွားမည်ဟု သမ္မတဦးသိန်းစိန်က ကတိပြုခဲ့သည်။
“သတင်းသမားတွေ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီးတော့ Information Access လုပ်ဖို့ မက်ဂနစ်ဇင် တခုကို ခင်ဗျားတို့ လုပ်ပြီး ကျနော့်ကို တင်ပြပါလို့ သမ္မတက သူ့ဝန်ကြီးတွေကို ညွှန်ကြားလိုက်တာ တွေ့တယ်”ဟု ဦးဇော်သက်ထွေးက ပြောသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဦးခင်မောင်လေး(ဖိုးသောကြာ) ၊ ဦးကျော်မင်းဆွေ၊ ဦးဖေမြင့်၊ ဦးဇော်သက်ထွေး၊ ဒေါ်နန်းကလျာဝင်း၊ ဦးရဲမင်းဦး၊ ဦးသီဟစော၊ ဦးခင်မောင်အေးတို့ တက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့မှ သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီးများ ဖြစ်သော ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ နှင့် ပြန်ကြားရေး ဝန်ကြီးအသစ် ဖြစ်လာမည့် ဦးရဲထွဋ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။