ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံတွင် ရွှေတူးဖော်ရေးကြောင့် လယ်ယာမြေ ဧက ၃၀၀ ခန့် ပျက်စီးနေသည် ဟု ဒေသခံများက ပြောသည်။
တာချီလိတ်ခရိုင် နားဟိုင်းလုံ လွယ်ခမ်းတောင်ကြားတွင် ကုမ္ပဏီပေါင်း ၁၀ ခုကျော်က ရွှေတူးဖော်လျက်ရှိသဖြင့် ကျေးရွာ အိမ်ခြေ ၉၀ ကျော် အခက်အခဲ ကြုံနေရကြောင်း၊ ရွှေတူးဖော်ခြင်းကြောင့် မြစ်ချောင်းများ တိမ်ကောမှု ကြုံနေရသည့် အပြင် ရွှေတူးဖော်ရာ တွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် လယ်ယာများ ပျက်စီးနေရကြောင်း နားဟိုင်းလုံ ကျေးရွာဒေသခံ နန်းလာက ဧရာဝတီ ကို ပြောပြသည်။
“ကျမတို့က ကုမ္ပဏီ်တွေ လုံးဝ ရပ်ဆိုင်းဖို့၊ လယ်ယာမြေတွေကို ပြန်ပြီး ပြုပြင်ဖို့၊ ပြီးတော့ လျော်ကြေးငွေတွေ ပေးဖို့ တောင်းဆို ထား တယ်။ ဘယ်တော့ ပေးမှာလဲ ဆိုတာတော့ မသိသေးဘူး။ ဒီလ ၄ ရက်အထိတော့ မရပ်သေးဘူး”ဟု နန်းလာက ဆိုသည်။
ထိုကိစ္ပ္စနှင့် ပတ်သက်ပြီး ယခုလ ၅ ရက်က ရှမ်းပြည်နယ်အစိုးရ သတ္တုတွင်းနှင့် သစ်တော ဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်းက ရွှေတူးဖော်ရေးကို လုံးဝရပ်ပေးရန်၊ ပျက်စီးသည့် လယ်ယာမြေများကို ပြန်ပြုပြင်ပေးရန်နှင့် လျော်ကြေးငွေများ ပေးဆောင်ရန် ညွှန်ကြားထားသည်ဟု ဝန်ကြီး စိုင်းအိုက်ပေါင်း၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မင်းထွန်းအောင်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ကတော့ အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကို ကွင်းဆင်းပြီး စစ်ဆေးခိုင်းထားပါတယ်။ ဆုံးရှုံးမှု ဘယ်လောက်ရှိလဲ ဆို တာ ကိုတော့ မသိသေးဘူး။ လက်ရှိတော့ ကုမ္ပဏီတွေကို လုပ်ငန်းခွင် ရပ်ဆိုင်းထားတယ်။ ကုမ္ပဏီတွေက တကယ်လို့ ထပ်လုပ် မယ်ဆိုရင် ဖျက်သိမ်းနိုင်တဲ့ အဆင့်ရှိတယ်”ဟု ဗိုလ်မှူး မင်းထွန်းအောင်က ဆိုသည်။
သက်ဆိုင်ရာ အာဏာပိုင်များက လုပ်ငန်းခွင်ကို ရပ်ဆိုင်းရန် ပြောကြားထားသော်လည်း ကုမ္ပဏီများက ထပ်မံ လုပ်ဆောင်နေမည် ဆိုပါက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီ ၆၃ ခု ရှိပြီး နားဟိုင်းလုံ ဒေသတွင် စိုင်းတစ်၊ စိုင်း စိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့် ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၀ ခုကျော်က ရွှေတူးဖော် လုပ်ကိုင်နေကြသည်ဟုလည်း ဒေသခံများက ပြောပြသည်။