ပြည်ထောင်စု လွှတ်တော်က မွန်ပြည်နယ် အစိုးရသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အသုံးပြုရန် ချထားပေးသည့် ဘတ်ဂျက် ငွေ စာရင်းတွင် ကျပ် သန်း ၁၀၀၀ နီးပါး ကွာဟသည်ဆိုသော ပြည်နယ် လွှတ်တော်၏ ထောက်ပြချက်သည် မှန်ကန်မှု မရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့က ငြင်းဆိုလိုက်သည်။
ပြည်နယ်လွှတ်တော်သို့ တင်ပြအတည်ပြုပြီးဖြစ်သော ရသုံးမှန်းခြေ ဘတ်ဂျက် ငွေစာရင်းမှ ဇယားများကို သေချာစွာပြန်လည် စိစစ် လျှင် ငွေကွာခြားမှု မရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ခင်မောင်သွင် က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု အစိုးရအဖွဲ့က တိုင်းနှင့် ပြည်နယ်များသို့ ချထားပေးသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ထောက်ပံ့ငွေ ကျပ် သန်း ၁ ထောင်၊ ပြည်နယ် လွှတ်တော် ဥပဒေ ဆိုင်ရာများတွင် အသုံးပြုရန် ကျပ် သန်း ၁ ထောင်နှင့် အစိုးရအဖွဲ့၏ ဌာနဆိုင်ရာများ
အသုံးပြုထားသည့် လိုငွေအတွက် ကျပ် သန်း ၃၄ ထောင် တို့ကို ဇယားများတွင် သေချာရှင်းလင်း ပြသထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“ကိန်းဂဏန်းတွေကိုပဲ ကြည့်ပြီးတော့ ပြောလို့မရပါဘူး။ သတင်းစာမှာ ဒီလောက်ချထားပေးတယ်၊ ဒီမှာတင်ပြတာက ဘယ်လောက် ပဲ၊ ကွာနေတယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျနော်တို့ကတော့ ဘတ်ဂျက်စာရင်းတွေ လွဲနေတယ်ဆိုတာ လုံးဝလက်မခံ ဘူး။ ရသုံးမှန်းခြေ စာရင်းကဇယားတွေမှာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။ စာရင်းကွာနေတယ်လို့ ပြောနေကြတဲ့သူတွေက ဇယား မှာပြသထားတာကို သေချာမကြည့်ကြတာ”ဟု ဒေါက်တာ ခင်မောင်သွင် က ပြောဆိုသည်။
အဆိုပါ ရသုံးမှန်းခြေစာရင်းကို ငွေကွာခြားချက်များ ရှိခဲ့ပါက အတည်မပြုခင်ကတည်းက ကန့်ကွက်ရမည် ဖြစ်ကြောင်း၊ ဘတ်ဂျက် ငွေစာရင်းကို လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကြေကြေညက်ညက် လေ့လာသင့်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ် အစိုးရအတွက် ပြည်ထောင်စု အစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်းပေါင်း ၃၅၅၀၃ ဒသမ ၁၈၄ ထောက်ပံ့ ထားသော်လည်း မွန်ပြည်နယ် ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေပါ ဇယား (၃) ဖော်ပြချက်တွင် ပြည်ထောင်စု အစိုးရမှ ရရှိ သည့် ထောက်ပံ့ငွေသည် ကျပ် သန်းပေါင်း ၃၄၅၀၃ ဒသမ ၁၈၄ ဟု ဖော်ပြထားကြောင်း မွန်ပြည်နယ် လွှတ်တော် အဆို၊ မေးခွန်း၊ ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်စိုး က ဧရာဝတီသို့ ပြောသည်။
ငွေကွာခြားမှုနှင့် ပတ်သက်ပြီး လွှတ်တော်မှ တရားဝင်စာဖြင့် မေးမြန်းထားသော်လည်း ပြည်နယ်အစိုးရအဖွဲ့ ရသုံးမှန်းခြေ စာရင်း ဌာနမှ မိမိတို့ကော်မတီထံသို့ လူဖြင့်သာ လာရောက်ရှင်းပြပြီး လွှတ်တော်သို့ တရားဝင်စာဖြင့် ပြန်လည်ဖြေရှင်းမှု မပြုလုပ်သေးကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့လာရှင်းပြတာမှာ ကျေကျေလည်လည် ရှင်းပြတာမျိုး မတွေ့ရသေးဘူး။ အခု သူတို့ပြောတာက ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် ငွေနဲ့ အစိုးရသုံးတဲ့ငွေ တပေါင်းတည်း လုပ်ထားသလို ပြောနေတာ။ မပြတ်မသားဖြစ်နေတယ်။ နှစ်စဉ် ပြည်ထောင်စု အစိုးရ အဖွဲ့က ထောက်ပံ့ပေးတဲ့ ငွေစာရင်းမှာ တပေါင်းတည်း ပြတာမျိုးမရှိခဲ့ဘူး။ တကယ်လို့ ငွေက ဒီလိုအမှန် ဆိုရင်လည်း တရားဝင်စာနဲ့ ပြန် အကြောင်းကြားဖို့ လိုအပ်တယ်။ တကယ်လို့ ကျနော်တို့ ကျေနပ်တဲ့ပုံစံမျိုး ဖြေရှင်းမှုမရှိရင် ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင် ဗဟိုအထိ လှမ်းမေးရမယ့်သဘောမျိုးဖြစ်နေတယ်”ဟုလည်း ဒေါက်တာ အောင်နိုင်စိုးက ပြောသည်။
ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ကလည်း ထိုကိစ္စကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြမေးမြန်းနိုင်ရန် နည်းလမ်းများ ရှာဖွေလျက် ရှိကြောင်း၊ ပြည်ထောင်စု ဗဟိုကော်မတီ အနေဖြင့်လည်း စုံစမ်းစိစစ်ရန် သင့်လျော်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။