အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုအား ထိရောက်စွာ တားဆီးနှိမ်နင်းမှု မပြုလုပ်နိုင်ပါက လွတ် လပ်စွာ စိုက်ပျိုးခွင့်ပြုရန် ပြည်ထောင်စု ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ က ရန်ကုန်မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုတွင် ပြောဆိုသွားသည်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT) နှင့် နိုင်ငံရေး ပါတီ ၃၄ ပါတီတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ ဗဟိုကော်မတီဝင် ဦးခွန်စိုးမြင့် က တင်ပြ ဆွေးနွေးသွားခြင်း ဖြစ်သည်။
ဘိန်းစိုက်ပျိုးတောင်သူများအပေါ် အစိုးရ အာဏာပိုင်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ က ဘိန်းခွန် ကောက် ယူနေမည့်အစား ဘိန်းစိုက်ပျိုးခွင့်ကို တရားဝင် နှစ်အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဆွေးနွေး သွားသည်။
“ဘိန်းခူးတဲ့ရာသီမှာလည်း အစိုးရ စီမံချက်ဆိုပြီး စိုက်ခင်းတွေ လာဖျက်ကြတာက တမျိုး၊ ညကြီးမိုးချုပ် ဘိန်းစိုက်တဲ့ တောင်သူတွေရဲ့ အိမ်ကို ဝင်ရှာ၊ ဘိန်းတွေ့လိုဆိုပြီး ဖမ်းကြနဲ့ဆိုတော့ ဘိန်းစိုက်သူတွေမှာ မလုံခြုံတော့ဘူး။ ကျနော်တို့ဒေသက သေနတ်ဖောက် သံတွေ မရှိပေမယ့် မငြိမ်းချမ်းဘူး”ဟု ဦးခွန်စိုးမြင့်က ဧရာဝတီ သို့ ပြောသည်။
သူကဆက်ပြီး“ကျနော်တို့ ကွင်းဆင်းခဲ့တဲ့ ဝေးလံခေါင်ဖျားတဲ့ ဘိန်းစိုက်ရာဒေသတွေ ဖြစ်ကြတဲ့ ဆီဆိုင်မြို့နယ်ထဲက ၅ ရွာ၊ မောက် မယ် မြို့နယ်က ၃ ရွာနဲ့ ပင်လောင်းမြို့နယ်ထဲက၂ ရွာစလုံးမှာ တောင်သူတွေက ၁၀၀ ရာနှုန်းမှာ ၇၅ ရာနှုန်းကျော်လောက်က အဖွဲ့အစုံကို ဘိန်းခွန်ပေးနေရတာနဲ့ ကုန်တယ်”ဟု ပြောဆိုသည်။
ဘိန်းစိုက်တောင်သူများ၏ အိမ်ကို ရှာဖွေလျှင် ဘိန်းတွေ့ရမည်သာ ဖြစ်ကြောင်း၊ ဘိန်းခွန်လည်းပေးနေရသည့်အချိန်တွင် အမျိုးမျိုးသော ဘဝမလုံခြုံမှုများ တွေ့ကြုံနေရမည့်အစား နှစ်အကန့်အသတ်ဖြင့် ဘိန်းကို တရားဝင်စိုက်ပျိုးခွင့်ပြုမည် ဆိုလျှင် တောင်သူများမှာ ဘဝလုံခြုံအေးချမ်းမှုကို ရရှိခံစားရမည်ဖြစ်ကြောင်းလည်း ဦးခွန်စိုးမြင့်က ဆက်ပြောသည်။
အစိုးရအနေဖြင့် တရားဝင် စိုက်ပျိုးခွင့် မပြုလျှင်လည်း ဥပဒေစိုးမိုးမှုကို တိတိကျကျ ဆောင်ရွက်သင့်ကြောင်း၊ အစိုးရ အဖွဲ့အစည်း များမှ ဥပဒေချိုးဖောက်မှု ရှိနေခြင်းကိုလည်း ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ၎င်းက ပြောဆိုသည်။
“ဘယ်ရွာသားတွေကမှ ဘိန်းကို စိုက်ချင်ကြတာ မဟုတ်ဘူး။ သူတို့နေတဲ့နေရပ်က လမ်းပန်းဆက်သွယ်ရေး၊ သီးနှံဈေးကွက်အခြေ အနေတွေကြောင့် ဘိန်းကိုစိုက်နေကြရတာ။ မစိုက်နဲ့ဆိုလည်း အစိုးရအနေနဲ့ ထိထိရောက်ရောက် ပြည်သူတွေ အတွက် အကောင် အထည်ဖော်ဖို့ လိုတယ်။ အခုက အပြတ်မသားနဲ့ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိတာကြောင့် နောက်ဆုံးခံရတော့ ဒေသခံ တောင်သူတွေပဲ”ဟု ဦးခွန်စိုးမြင့်က ဆိုသည်။
ရခိုင် အမျိုးသား ပါတီ ခေါင်းဆောင် ဦးအေးသာအောင် ကလည်း လက်ရှိ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး တရား ဝင် ခွင့်ပြုရန် မဖြစ်နိုင်သော်လည်း အစိုးရအနေဖြင့် ထိထိရောက် ရောက် ဆောင်ရွက်ခြင်း မရှိသဖြင့် နောက်ဆုံးနစ်နာသူများမှာ ဒေသခံ တောင်သူများပင်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခုအချိန်ထိ ဘိန်းစိုက်နေကြတယ်ဆိုတာ အစိုးရက ထိထိရောက်ရောက် မလုပ်နိုင်သေးလို့ဘဲ။ ဘိန်းဖျက်တဲ့ စိုက်ခင်းတွေ ဆို တာ လည်း အဖျက်ပြဖို့ သက်သက် စိုက်ပျိုးထားတာ။ တောင်သူတွေမှာက လာသမျှ အားလုံးကို ကြောက်လန့်ရတော့ ပိုက်ဆံပေး ရတာပေါ့။ ဒီကြားထဲ ဖမ်းတဲ့အဖွဲ့ကဖမ်း၊ တောင်သူတွေကို ထောင်ချ။ တောင်းတဲ့သူက တောင်းနဲ့။ မစိုက်စေချင်ဘူးဆိုရင် တကယ် ထိရောက်တဲ့ ကူညီမှုတွေကို အစိုးရက ပေးလေ။ နောက်ဆုံး နစ်နာနေရတာက ဒေသခံတောင်သူတွေပဲလို့ သူပြောတာကို ကျနော် နားလည်တယ်”ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) က အရှေ့တောင်အာရှ ကွင်းဆင်း လေ့လာချက်အရ မြန်မာနိုင်ငံ သည် ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက်ထရစ်တန် ထုတ်လုပ်ထားကြောင်း ခန့်မှန်းထားပြီး ကမ္ဘာပေါ်၌ အာဖဂန်နစ္စတန် ပြီးလျှင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမည်ဟု ကြေညာ ထား သော်လည်းUNODC ၏ ၂၀၁၃ အစီရင်ခံစာ တွေ့ရှိချက်တွင် ၂၀၁၂ ခုနှစ် ထုတ်လုပ်မှုထက် ၂၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြ ထားသည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် ယနေ့ ကျင်းပသော သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် နိုင်ငံရေး ပါတီ ၃၄ ပါတီမှ ကိုယ်စားလှယ်များအပြင် အစိုးရဘက်မှ ဝန်ကြီးများ နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်း ဆောင် များလည်း ပါဝင်သည်။
အဆိုပါဆွေးနွေးပွဲသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတို့အကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထိုးပြီးလျှင် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်၌ ပါဝင်ရမည့် နိုင်ငံရေးမူဘောင် ချမှတ်နိုင်ရေးအတွက် အလွတ် သဘော ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပစ်ရပ်ရေး စာချုပ်နှင့် စစ်မှန်သည့် ဖက်ဒရယ်မူတို့ကို ခိုင်မာသည့် အဆင့်ရရှိရေး လုပ်ဆောင်ကြရန် နိုင်ငံရေးပါတီ အများစုက တိုက်တွန်းခဲ့ကြသည်။