မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ပြည်ပနိုင်ငံသားများ အတွက် အွန်လိုင်းဗီဇာ (E Visa) စနစ်ကို စက်တင်ဘာ ၁ ရက်မှ စတင် ကျင့်သုံးမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(လဝက)မှ သိရသည်။
ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်မည့်သူများသည် ၎င်းတို့၏ ခရီးသွားဗီဇာ(Tourist Visa)ကို အွန်လိုင်းမှတဆင့် တိုက်ရိုက် လျှောက်ထားနိုင်မည် ဖြစ်သည်။
“လျှောက်ထားလာတဲ့ သူတွေကို နာမည်ပျက် စာရင်း (Black List) ဝင်နေလားဆိုတာ အရင်ဆုံး စစ်ဆေးမယ်၊ အဲဒီ ကိစ္စအတွက် အချိန်နည်းနည်း ယူတယ်၊ လျှောက်ထားပြီး ၅ ရက်လောက်မှာ ဗီဇာအတွက် အကြောင်းပြန်ပေးမှာပါ၊ လတ်တလော ၄၁ နိုင်ငံကို ခွင့် ပြုထားပေမယ့် နောက်တော့ ထပ်တိုး ခွင့်ပြုသွားမှာပါ”ဟု လဝက ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း က ဧရာဝတီ သို့ ပြောသည်။
အွန်လိုင်း ခရီးသွားဗီဇာ လျှောက်ထားမည့် သူများသည် ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည့် လျှောက်လွှာဖြင့် လျှောက် ထားရမည် ဖြစ်ကြောင်း၊ ဗီဇာစတင် လျှောက်ထားသည့်ရက်မှ ၅ ရက်အတွင်း ဝင်ခွင့်ပြု၊ မပြုကို အကြောင်း ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။
“ခရီးသွားဗီဇာ တခုတည်းပဲ အွန်လိုင်းက လျှောက်ထားလို့ ရမယ်၊ ကျန်တဲ့ဗီဇာ လျှောက်ထားမှု အားလုံးက အရင်အတိုင်းပဲ လုပ်သွားမယ်”ဟု ဦးမောင်မောင်သန်းက ဆက်ပြောသည်။
အွန်လိုင်းမှ လျှောက်ထားသည့် ဗီဇာ အတွက် ငွေကြေး ကောက်ခံမှု နှုန်းထားသည် တဦးလျှင် အမေရိကန် ဒေါ်လာ ၅၀ ကောက်ခံ မည် ဖြစ်ပြီး အွန်လိုင်းဗီဇာဖြင့် ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ပြည်တွင်းသို့ တိုက်ရိုက်ဝင်ရောက် လည် ပတ်နိုင်မည် ဖြစ်ကြောင်း ဗီဇာ လျှောက်ထားမှု သတင်း ဝက်ဘ်ဆိုက် ကြေညာချက်တွင် ဖော်ပြထားသည်။
ခရီးသွား အွန်လိုင်းဗီဇာ ရရှိသူများမှ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ အတွက် နေထိုင်ခွင့်ပြု ကာလ ၂၈ ရက် ရရှိမည် ဖြစ်သည်။
အထူးနိုင်ငံကူး လက်မှတ်နှင့် သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည်လည်း နေထိုင်ခွင့် ကာလ ၂၈ ရက် ရရှိမည် ဖြစ် ကြောင်း၊ မြန်မာနိုင်ငံနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ပြုထားသော နိုင်ငံများဖြစ်သည့် ကိုရီးယား၊ ရုရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံ သားများသည် ပြည်တွင်း၌ နေထိုင်ခွင့် ကာလ ရက် ၉၀ ရရှိမည် ဖြစ်ကြောင်း ဗီဇာ လျှောက်ထားမှု သတင်း ဝက်ဘ်ဆိုက် ဖော်ပြချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံသို့ လာရောက်သူများအတွက် ဆိုက်ရောက် ဗီဇာစနစ်ကို ၂၀၁၂ ခုနှစ် အတွင်းက ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ဆိုက်ရောက်ဗီဇာစနစ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလက ကျင့်သုံးခဲ့ဖူးသော်လည်း ရွေးကောက်ပွဲ ကာလမှ စတင်ပြီး ရပ် ဆိုင်း ခဲ့သည်။
စီးပွားရေး ဆိုက်ရောက် ဗီဇာ အတွက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက် နမ်၊ သြစတြေးလျ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင် ဝမ်၊ ဗြိတိန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့် နိုင်ငံပေါင်း ၄၀ ကျော်ကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။
ဗီဇာအမျိုးအစားအလိုက် ငွေကြေးကောက်ခံမှု နှုန်းထားသည် စီးပွားရေးလုပ်ငန်းဗီဇာ ရက် ၇၀ နေထိုင်သူတဦးလျှင် အမေရိကန် ဒေါ်လာ ၅၀၊ ပြည်ဝင်ဗီဇာ(Social Visa) ၂၈ ရက် နေထိုင်သူ တဦးလျှင် အမေရိကန် ဒေါ်လာ ၄၀၊ အစည်းအဝေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲ တွေ့ဆုံမှု ဗီဇာနှင့် နိုင်ငံဖြတ်သန်းခွင့် ဗီဇာအတွက် အမေရိကန် ဒေါ်လာ ၂၀ ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ရက်ကျော်ဗီဇာများ အတွက် တရက်လျှင် အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ ကောက်ခံလျက်ရှိကြောင်း၊ ရက် ၉၀ ကျော်လွန် နေထိုင်သူဖြစ်ပါက တနေ့လျှင် ၅ ဒေါ်လာ ကောက်ခံနေကြောင်း လဝက ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။