ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် ပျူမြို့ဟောင်းများ၏ မြေယာရှုခင်း (Landscape) ပြင်ဆင် ရေး နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနက အကူအညီပေးမည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၌ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒု ဝန်ကြီး ဒေါ်စန္ဒာခင်တို့ တွေ့ဆုံစဉ် ပျူမြို့ဟောင်းများ မြေယာရှုခင်းပြင်ဆင်ရေး၊ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းစောင့် ရှောက် ခြင်း လုပ်ငန်းများ အကူအညီပေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနမှ အရာရှိတဦးက“ထိုင်းတွေအနေနဲ့ ကမ္ဘာ့ အမွေအနှစ် သတ်မှတ်ခံရတဲ့ အယုဒ္ဓယ မြို့ဟောင်းကို ထိန်းသိမ်းတဲ့နေရာမှာ ကောင်းမွန်တာတွေ့ရတဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ Landscape ဒီဇိုင်း ဆွဲပေး ဖို့ အကူအညီ တောင်းတာပါ”ဟု ပြောသည်။
ပျူမြို့ဟောင်း သုံးမြို့ဆီသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှု နည်းနေသေးချိန် မြေယာရှုခင်း ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် သင့်လျော်ကြောင်း၊ ထိုင်း ဗိသုကာပညာရှင်များ ဒီဇိုင်းရေးဆွဲရန် ပျုမြို့ဟောင်းများသို့ လာရောက် လေ့လာမည် ဖြစ် ကြောင်းလည်း ၎င်းက ပြောပြသည်။
သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်းလင်း စသည့် ပျူ မြို့ဟောင်းများကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
ယူနက်စကို ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုလိုက်သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် လိုအပ်ချက် အများအပြား ရှိနေသေးသည်ဟုလည်း သိရသည်။
ပျူမြို့ဟောင်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှု အစီအစဉ်များ၊ အဆိုပါ ဧရိယာသို့ သွားသောလမ်းများ၊ ရှေးဟောင်းဇုန်များ အတွင်း ဆက်သွယ်ထားသည့် လမ်းများ၊ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေးနှင့် ကမ္ဘာလှည့် ခရီးသွားများ သွားလာရေး လွယ်ကူစေရန် ဆောင်ရွက်ပေးမှု၊ သန့်စင်ခန်းများ၊ နားနေဆောင်များမှ အစ၊ စိုက်ပျိုးမြေနှင့် လူနေအိမ်များ တိုးချဲ့မလာ စေရန်၊ ရှေးဟောင်းဇုန်များအတွင်း တိရစ္ဆာန်များ ထိန်းကျောင်းမှု မရှိစေရန်၊ ဒေသခံများအား အသိပညာပေးမှုများ လုပ်ဆောင်ရန်၊ ရှေးဟောင်းပစ္စည်းများ ခိုးယူရောင်းချမှု မဖြစ်စေရန် အပါအဝင် ပျုမြို့ဟောင်း ထိန်းသိမ်းရန် အတွက် ဘတ်ဂျက်နှင့် ဝန်ထမ်းအင် အား များ တိုးချဲ့ခန့်ထားရန် လိုအပ်နေသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက် ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦး က “ကျနော်တို့ အဲဒီလုပ်ငန်း တွေတော့ လုပ်ကိုင်နေဆဲပါ၊ ဒါပေမယ့် ထိုင်းက အယုဒ္ဓကို မီဖို့တော့ အများကြီး လုပ်ရဦးမှာပါ၊ ဘာကြောင့်လဲဆိုတော့ ထိုင်းတွေအနေနဲ့ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရတာက ဆယ်စုနှစ်တောင် မကတော့ဘူး”ဟု ပြောသည်။
ပျူမြို့ဟောင်းတခုဖြစ်သည့် ဟန်လင်းသို့ သွားရာလမ်းများသည် ဆိုးရွားနေသည့်အတွက် ယခုအခါ ပြင်ဆင်နေကြောင်း၊ ရှေးဇုန်များအတွင်းရှိ လမ်းများကိုလည်း မြေသားလမ်းများ ဖောက်လုပ်ပေးခြင်း၊ ဖောက်လုပ်ပြီး မြေသားလမ်းများကိုလည်း မြေနီခင်းခြင်းများ ကိုလုပ်ဆောင်နေကြောင်း၊ ယဉ်ကျေးမှု ပြတိုက်များကို အဆင့်မြှင့်တင်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ သတင်းစုံစမ်းရေးဌာနများ ထားရှိခြင်း တို့ကို လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဦးကျော်လွင်ဦးက ဆက်လက် ပြောဆိုသည်။
ထို့အပြင် ရှေးဟောင်းသုတေသန ပြတိုက်နှင့် ရှေးဟောင်းပစ္စည်းများအတွက် လုံခြုံရေးများတိုးချဲ့ချထားပြီး ဖြစ်သကဲ့သို့ ကမ္ဘာလှည့် ခရီးသွားများ လုံခြုံရေးအတွက်လည်း လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေကို ယူနက်စကိုအနေဖြင့် နှစ်စဉ် စောင့်ကြည့်စစ်ဆေးပြီး ၂ နှစ်တကြိမ် အစီရင်ခံစာများ တင်သွင်းနေရသည့်အတွက် စီမံခန့်ခွဲမှု အစီအစဉ်(Management Plan)ကို ကောင်းစွာရေးဆွဲရမည်ဖြစ် သည်ဟုလည်း ဦးကျော်ဦးလွင်က ဆက်လက်ရှင်းပြသည်။
ပြီးခဲ့သည့် လအတွင်းက ဆက်သွယ်ရေးကုမ္ပဏီကြီးများ ဖြစ်သည့် တယ်လီနော၊ အော်ရီဒူး တို့က သရေခေတ္တရာနှင် ဗိဿနိုး မြို့ဟောင်းများတွင် ဆက်သွယ်ရေးတိုင်များ စိုက်ထူရန် ကြိုးစားခဲ့သေးသည်။