၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေ စာရင်းများအရ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသူများ မပါဝင်သေးကြောင်း သိရသည်။
လက်ရှိ ကောက်ယူထားသော စာရင်းများသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး သတ်မှတ်ချက်များအရ လုပ်ထားခြင်းသာဖြစ်ပြီး ၎င်းစာရင်းထဲတွင် နိုင်ငံခြား၌ တာဝန်ထမ်းဆောင်နေသော သံတမန်များသာ ပါဝင်ကြောင်း သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီက ပြောသည်။
“ဒီထဲမှာ မပါသေးတာက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ။ အဲဒါတွေ ဘယ်လောက်ရှိမယ်ဆိုတာ မသိဘူးပေါ့။ ဆိုပါစို့၊ အဲဒါတွေက ၄ သန်းလောက် ရှိမယ်ဆိုရင် ထည့်ပေါင်းလိုက်တော့ ၅၅ သန်းဖြစ်လာမှာပေါ့။ ၃ သန်းရှိမယ်ဆိုရင် ၅၄ သန်းဖြစ်လာမှာပေါ့။ အရင် ခန့်မှန်းပြောခဲ့သလို မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ကတော့ ဟိုမှာလည်း လောက်ရှိနေမလဲ မသိသေးတော့ ပြောလို့မရဘူး။ ကျနော်မှန်းတာကတော့ အဲဒီလောက် မရှိဘူးထင်တယ်” ဟု ၎င်းက ဆိုသည်။
ပြည်ပတွင် ရှိနေသော မြန်မာနိုင်ငံ လူဦးရေ အတိအကျကိုမူ လာမည့် ၂၀၁၅ ခုနှစ် မေလလောက်တွင်မှ သိရမည်ဖြစ်ကြောင်း၊ လဝက အနေဖြင့် ပြည်ပထွက် အလုပ်လုပ်သူများနှင့် ပတ်သက်ပြီး စာရင်းကောက်ယူမှု ရှိခဲ့သော်လည်း တရားဝင် အပေါ်လမ်းမှ ထွက်သွားကြသူများ ရှိသကဲ့သို့ တရားမဝင် အောက်လမ်းမှ ထွက်သွားကြသူများလည်း ရှိနေသောကြောင့် ထိုစာရင်းများကို လာမည့်နှစ် မေလမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကောက်ယူထားသော သန်းခေါင်စာရင်းများတွင် ကချင်ပြည်နယ်၊ မံစီ၊ လွယ်ဂျယ်နှင့် မိုးမောက်မြို့နယ်များရှိ ကချင် လွတ်လွပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကျေးရွာအုပ်စု ၂၅ စု အပါအဝင် မကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေ ၄၆၆၀၀ ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးဟု စာရင်းသွင်းမှသာ ကောက်ခံမည်ဆိုသည့်အတွက် ကောက်ယူနိုင်ခြင်းမရှိခဲ့သော လူဦးရေမှာ ၁ သန်းကျော်ရှိကြောင်း၊ မောင်တော၊ စစ်တွေနှင့် မြောက်ဦးခရိုင်တို့မှဖြစ်ပြီး ရခိုင်ပြည် နယ်အတွင်းရှိ လူဦးရေ၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။
ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ ဌာနချုပ် တည်ရှိရာ နယ်မြေရှိ ကျေးရွာများတွင်လည်း သန်းခေါင်စာရင်း မေးခွန်းပုံစံများကို အသုံးပြုပြီး စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့သော်လည်း KNU အဖွဲ့မှ ရရှိသည့် အချက်အလက်များသည် သန်းခေါင်စာရင်း အချက်အလက်များနှင့် အနီးစပ်ဆုံး မှန်ကန်ခဲ့ပြီး သန်းခေါင်းစာရင်း မေးခွန်းပုံစံကို အသုံးပြု ခြင်းမရှိဘဲ ကောက်ယူနိုင်ခဲ့သည့် လူဦးရေမှာ ၆၉၇၅၃ ဦးခန့်ဖြစ်ကြောင်း သိရသည်။
“အခု ရှေ့ပြေးလူဦးရေ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မိန်းကလေးဦးရေက ယောကျာ်လေးဦးရေထက် ပိုများနေတာကို တွေ့ရတယ်။ လူဦးရေစုစုပေါင်းရဲ့ ၅၁.၈ ရာခိုင်နှုန်းက မိန်းကလေးဖြစ်ပြီး ၄၈.၂ ရာခိုင်နှုန်းက ယောကျာ်လေးဖြစ်တယ်။ မြို့ပြလူဦးရေ အများဆုံးက ရန်ကုန်နဲ့ ကချင်ဖြစ်ပြီး အနည်းဆုံးက ဧရာဝတီနဲ့ မကွေးတို့ဖြစ်တယ်” ဟု ဝန်ကြီး ဦးခင်ရီက ဆိုသည်။
တိုင်းနှင့် ပြည်နယ် မြို့ကြီးများအနက် လူဦးရေ အများဆုံးမြို့မှာ ရန်ကုန်မြို့ (၅၂၀၉၅၄၁ ဦး) ဖြစ်ပြီး မန္တလေးမြို့သည် ဒုတိယ လူဦးရေ အများဆုံးနှင့် နေပြည်တော်သည် တတိယ လူဦးရေ အများဆုံးဖြစ်သည်။ လူဦးရေ အနည်းဆုံးမှာ ဟားခါး မြို့ (၄၈၂၆၆ ဦး )၊ ထားဝယ် (၁၂၅၂၃၉ ဦး)၊ လွိုင်ကော် (၁၂၈၈၃၇ ဦး) တို့ဖြစ်ကြောင်း သိရသည်။
လူဦးရေ သိပ်သည်းဆအရ ၁ စတုရန်းကီလိုမီတာတွင် ၇၆ ဦးဖြစ်ပြီး လူဦးရေ ထူထပ်ဆုံးမှာ ရန်ကုန်မြို့ဖြစ်သည်။ လူဦးရေ အကျဲပါးဆုံးဒေသမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။ ရှေ့ပြေးစာရင်းများအရ ပျှမ်းမျှ တအိမ်ထောင်လျှင် လူ ၄ ဒသမ ၄ ဖြစ်ပြီး အိမ်ထောင်စုဝင် အများဆုံးဖြစ်သည့်နေရာမှာ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ ဖြစ်သည်။ အိမ်ထောင်စုဝင် အနည်းဆုံးနေရာမှာ နေပြည်တော်၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့ ဖြစ်သည်။
သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် ဒေသများတွင် ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဆက်လက် ကောက်ယူနိုင်ရန် ကြိုးစားလျက် ရှှိကြောင်းလည်း ဝန်ကြီး ဦးခင်ရီက ဆိုသည်။
လူမျိုးသတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဧရာဝတီ မေးမြန်းရာ “ရခိုင်ပြည်နယ်မှာဆိုရင် ကောက်ယူလို့မရတဲ့ အကြောင်းရင်းတွေကလည်း ဒီလူမျိုးတွေဟာ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပါလျက်နဲ့၊ ဘင်္ဂါလီ အဖြူကတ် ကိုင်ထားပါလျက်နဲ့ နိုင်ငံရေးအရ ရိုဟင်ဂျာလို့ မရေးပေးရင် အကောက်မခံဘူးဆိုလို့ သူတို့က တောင်းခံတာကြောင့် မကောက်ဖြစ်ခဲ့တာပါ။ အဲဒီတော့ အဖြေကရှင်းပါတယ်။ နဂိုတည်းက ဘင်္ဂါလီ အိမ်ထောင်စုစာရင်း ကိုင်ထားတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ မှတ်တမ်းတွေအရတော့ ဒီထဲမှာပဲ ပါသွားမှာ ဖြစ်ပါတယ်။ သန်းခေါင်းစာရင်းမှာတော့ သူတို့ ဟာ ကောက်ခံလို့ မရတဲ့အတွက်ကြောင့် ကောက်ခံလို့မရတဲ့ လူဦးရေစာရင်းမှာပဲ ဖော်ပြသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးခင်ရီ ကိုယ်စား လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးက အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ဖြေကြားခဲ့သည်။