မြန်မာ့တပ်မတော် အတွင်း ထိပ်ပိုင်းရာထူးနေရာ အပြောင်းအလဲများ စက်တင်ဘာလ ၈ ရက်နေ့ တွင် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နှင့် ဗိုလ်ချုပ်အဆင့် တပ်မတော် အရာရှိတချို့ကို ရာထူး တာ ဝန် ပြောင်းရွှေ့မှုများ ပြုလုပ်ကြောင်း သတင်းရှိရသည်။
စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးကို စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာချုပ် (စရဖ) အဖြစ် ခန့် အပ် လိုက်သည့်အပြင် စစ်ဆင်ရေး အထူးအဖွဲ့မှူး ကစထ (၆ ) နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း၊ ယခင် စစ်ဘက် ဆိုင်ရာလုံခြုံရေးအရာချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို စစ်ဦးစီးအရာချုပ် (ကြည်း) တာဝန်ယူရန် ပြောင်းရွှေ့ လိုက်ပြီး စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထ ၅) ကိုပါ တာဝန်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးသည် စစ်ရေးချုပ်အဖြစ် တိုးမြှင့် ခန့်အပ် ခံရပြီး ယခင် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးမှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ကစထ(၄) သို့ ပြောင်းရွှေ့ တာဝန် ပေးခြင်း ခံခဲ့ရ ကြောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်း နောင် သည် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံရကြောင်း စစ်ဘက် ဆိုင်ရာ သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး အနာဂတ် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် အဖြစ် အလားအလာကောင်းနေသည်ဟု သတင်းထွက်ပေါ်နေသူ ဖြစ် ကြောင်း၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) အဖြစ် ခန့်အပ်ခံရသူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ပြီး လက်ရှိ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှာလည်း စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ကျောင်းဆင်း ဖြစ်ကြောင်း သိရှိ ရသည်။