ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်တွင် မြန်မာ တောင်တက်သမား ၂ဦးကို ကူညီရှာဖွေပေးနေသော ထိုင်းနိုင်ငံမှ ရဟတ်ယာဉ် တစီး စနေနေ့က ပျောက်ဆုံးမှုဖြစ်ပွားရာ ထိုရဟတ်ယာဉ်ကို ရှာဖွေရန် တရုတ်နိုင်ငံမှ နာမည်ကြီး အရပ်သား ကယ်ဆယ်ရေး အဖွဲ့ Blue Sky Rescue Team (BSR) မှ ကျွမ်းကျင်သူ ၂ ဦးသည် ယမန်နေ့က ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
ခါကာဘိုရာဇီတောင်တွင် သြဂုတ်လ ၃၁ ရက်မှ စတင်ပျောက်ဆုံးနေသည့် မြန်မာ တောင်တက်သမား အမျိုးသား ၂ ဦးကို ရှာဖွေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် တစီးသည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် အဆက်အသွယ်ပြတ် တောက် ခဲ့ကြောင်း ရှာဖွေရေး အကူအညီပေးနေသော ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးဖြိုးကိုကို က ဧရာဝတီသို့ပြော သည်။
“အဆက်အသွယ် ပြတ်တောက်နေတဲ့ B4 ရဟတ်ယာဉ်ကို ရှာဖွေရန်အတွက် ရန်ကုန်ကိုရောက်တဲ့ BSR အဖွဲ့ဝင် ၂ဦးက ပူတာအို ဘက်ကို ရောက်ရှိနေပါပြီ။ တချို့ BSR အဖွဲ့ဝင် ၁၅ ဦးကလည်း တိဘက် ဘက်ကနေ မြန်မာနယ်စပ် နယ်ခြား မှတ်တိုင် ၄၆ မှာ စောင့်နေကြပါတယ်။ ပြီးတော့ ဒီနေ့လည်း BSR အဖွဲ့ ၁၇ ဦး ထပ်မံ ရောက်လာမှာဖြစ်ပြီး အရှိန် အဟုန် တိုးပြီး အားလုံး ပူးပေါင်း ရှာဖွေမှု တွေလုပ်ဆောင်သွားမှာပါ”ဟု ဦးဖြိုးကိုကို က ဆိုသည်။
အဆိုပါ ကယ်ဆယ်ရေး ပညာရှင်နှစ်ဦးသည် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း၏ ဖိတ်ကြားချက် အရ အရေးပေါ် လာရောက် ကူညီခြင်းဖြစ်ကြေားင်း သိရသည်။
ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်တစီးတွင် မြန်မာ လေယာဉ်မှူး တဦး၊ ထိုင်းလေယာဉ်းမှူး တဦးနှင့် ဦးရွှေရင်တော်ကြီး ဆိုသည့် မြန်မာ တောင်တက်ကျွမ်းကျင်သူ တဦးတို့သည် စက်တင်ဘာ ၂၇ ရက်တွင် ပူတာအိုမှ ရှာဖွေရေးအခြေစိုက် တဟွန်ဒမ်း သို့ ရိက္ခာပို့ရန်သွားနေစဉ် အဆက်အသွယ် ပြတ်သွားကြောင်း ဦးဖြိုးကိုကို က ဧရာဝတီသို့ပြောသည်။
“ပူတာအိုကနေ မွန်းလွဲ ၂နာရီကနေ စထွက်သွားတာ။ ပုံမှန်ဆို မိနစ် ၄၀ ဆိုရင် တဟွန်ဒမ်း ကို ရောက်တယ်။ အဲ့ဒီကြားမှာအဆက် အသွယ်ပြတ်နေတာ။ အဲ့ဒီနေ့ကလည်း ရာသီဥတု ဆိုးရွားနေတယ်။ တကယ်ဆို ရဟတ်ယာဉ်က တခုခုဖြစ်ရင်တော့ အချက်ပြတာ တွေ ထုတ်လွှင့်ပါတယ်။ ကျနော်တို့ ဆီကိုရော ထိုင်းရော ပြီးတော့ နိုင်ငံတကာကိုပါ အချက်ပြ နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပျောက်ဆုံးနေသော မြန်မာ တောင်တက်သမား ၂ဦးနှင့် ထိုင်းနိုင်ငံ B4 ရဟတ်ယာဉ်ကို ပြန်လည် ဆက်သွယ်ရရှိရန် နည်းမျိုးစုံဖြင့် ရှာဖွေနေကြောင်း၊ ထိုင်းရဟတ်ယာဉ် ကုမ္ပဏီ၊ သက်ဆိုင်ရာ တိုင်းစစ်ဋ္ဌာနချုပ်၊ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန နှင့် သက်ဆိုင်ရာ ဝန်ကြီး ဋ္ဌာန များကိုလည်း အကြောင်းကြားထားပြီး ထပ်မံအင်အားဖြည့်၍ ရှာဖွေနေကြောင်းကိုလည်း ဦးဖြိုးကိုကို ပြောပြသည်။
လက်ရှိအခြေအနေသည် တရုတ်ပြည် BSR အဖွဲ့၊ အမေရိကန် တောင်တက် ကျွမ်းကျင်သူ ၂ဦးနှင့် နီပေါ တောင်တက် ကျွမ်းကျင် သူ ၄ ဦးတို့သည် ပျောက်ဆုံးနေသည့် မြန်မာ တောင်တက်သမား ၂ဦး နှင့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်တစီးကို ပူးပေါင်း ရှာဖွေနေကြ ကြောင်း သိရသည်။
တောင်တက်သမား ၂ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့်ကိုဝေယံမင်းသူ တို့သည် ခါကာဘိုရာဇီ တောင်ထိပ်ကို သြဂုတ်လ ၃၁ ရက် တွင် ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ရာသီဥတုအခြေအနေကြောင့် ပျောက်ဆုံးကာ ယနေ့အထိ ရှာဖွေနေကြကြောင်း သိရသည်။
လက်ရှိပျောက်ဆုံးနေသည့် ထိုင်း ရဟတ်ယာဉ်သည် ဦးတေဇ ကချင်ပြည်နယ် မဒွယ်ရေခဲတောင်တွင် ၄ ရက်ခန့် ပျောက်ဆုံးခဲ့သည် ကို လာရောက် ကူညီရှာဖွေသည့် ရဟတ်ယာဉ်တစီးလည်း ဖြစ်ကြောင်း သိရသည်။
ခါကာကာဘိုရာဇီတောင်ကို မြန်မာ တောင်တက်သမား အမျိုးသား ၈ဦး တက်ရောက်ခဲ့ပြီး တောင်ထိပ်ကို ၂ ဦးသာ ရောက်ခဲ့ကာ ကျန် ၆ ဦးမှာ Base Team တွင်ကျန်ခဲ့သည်။ Base Team တွင် ကျန်ခဲ့သည့် ၆ ဦးသည် ရန်ကုန်မြို့သို့ စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။
ခါကာဘိုရာဇီ တောင်ထိပ်သို့ ၁၉၉၆ ခုနှစ်တွင် မြန်မာ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်း တောင်တက်အဖွဲ့က တက်နိုင်ခဲ့ပြီး ဂန်လန်ရာဇီ တောင်ထိပ်ကို ယမန်နှစ်က မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့က တက်နိုင်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံတွင် ရေခဲတောင်ရှိသည့် နိုင်ငံမှာ မြန်မာ တနိုင်ငံတည်းသာ ဖြစ်ပြီး ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီ စသော တောင်များမှာ အမြင့်ဆုံးဖြစ်သည်။
နီပေါ နိုင်ငံ ဟိမဝန္တာ တောင်တန်းတွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧဝရက် တောင်(Everest) သို့ မြန်မာနိုင်ငံ သား ၅ ဦး ယခုနှစ်မတ်လတွင် ပထမဆုံးအကြိမ် တက်ရောက်ရန် ထူးဖောင်ဒေးရှင်း အဖွဲ့မှ စီစဉ်ခဲ့သော်လည်း ရာသီဥတု ဒဏ်ကြောင့် အစီအစဉ် ဖျက်ခဲ့ရကြောင်း သိရသည်။