ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာ အုပ်စု အတွင်း ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) နှင့် မြန် မာအစိုးရ တပ်သည် ယမန်နေ့မှ စတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲသည် ယမန်နေ့ မနက် မှ စတင်ဖြစ်ပွားပြီး ယနေ့နံနက်အထိ တိုက်ပွဲများဖြစ်ပွားကြောင်း၊ တိုက်ပွဲကြောင့် မြန်မာ အစိုးရ ဘက်တွင် ၅ဦးသေဆုံးပြီး ၊ ၅၀ ကျော် ဒဏ်ရာရကြောင်း၊ SSPP/SSA ဘက်တွင် ၂ဦးကျဆုံးပြီး ၃ဦး ဒဏ်ရာရကြောင်း၊ တိုက်ပွဲကြောင့် ကျေးရွာမှ ရွာသားများသည် ဝမ့်ဝပ်ကျေးရွာမှ ဘုန်ကြီးကျောင်းသို့ ပြန်လည်ရှောင်တိမ်းနေကြကြောင်းကို SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးစဝ်ခွန်ဆိုင်းက ဧရာဝတီသို့ပြောသည်။
“အခု တိုက်ပွဲဖြစ်တဲ့ တာဖာဆောင် တပ်စခန်းကို ကျနော်တို့ တပ်တွေ နောက်ဆုတ်လိုက်ပြီ။ ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ နောက်မဆုတ်သေးဘူး။ ကျနော်တို့က နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်းချင်တယ်။ ဝမ့်ဝပ်ဘုန်းကြီးကျောင်းမှာ ရွာသားတွေ ၂၀၀ ကျော်လောက် ခိုလှုံနေပါတယ်”ဟုလည်း ဦးစဝ်ခွန်ဆိုင်းက ပြောပြသည်။
အစိုးရစစ်တပ် ခြေလျင်တပ်ရင်း(ခလရ) -၂၄၇၊ ခလရ -၂၄၈ နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ် တချို့ အပါအဝင် စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ၈ ခုခန့်လာရောက် တိုက်ခိုက်ကြပြီး ယမန်နေ့တွင် တိုက်ပွဲ အနည်းဆုံး ၇နေရာဖြစ်ပွားခဲ့ကြောင်း၊ ယနေ့နံနက်ထိ အစိုးရတပ်ဘက်က လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်နေကြောင်းကိုလည်း ၎င်း က ပြောသည်။
“တိုက်ပွဲက တော်တော်ကြီး ဖြစ်နေတဲ့အတွက် ကျနော်တို့ကလည်း ဝမ့်ဝပ်ကျေးရွာဘက်ကို သွားလို့မရသေးဘူး။ စစ်ရှောင်လာတဲ့ သူတွေ ဘယ်လောက်ရှိလဲဆိုတာ အတိအကျ မသိရသေးဘူး။ ခန့်မှန်းခြေ ၆၄ အိမ်ထောင်စု ရှိတယ်လို့ ကြားရပါတယ်”ဟု ဒုက္ခသည်များကို သွားရောက်ကူညီနေသည့် ကျေးသီး မြို့နယ် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးစိုင်းရွှေသိန်းကလည်း ဧရာဝတီ သို့ ပြောသည်။
ကျေးသီးမြို့နှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားသည့်နေရာ သည် ၁၂မိုင်ခန့်သာ ကွာဝေးပြီး ယနေ့နံနက်တွင် အစိုးရ လေယာဉ် တစီးသည် ကျေးသီးမြို့ပေါ်၌ ပျံဝဲနေကြောင်း၊ အစိုးရ စစ်တပ်က အင်အားဖြည့်နေကြောင်း၊ အစိုးရစစ်တပ်သည် SSPP/SSA ၏ တာဖာဆောင် တပ်စခန်းကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကျေးသီး ဒေသခံ ဦးစိုင်းဆိုင်မှိုင်းကလည်း ပြောပြသည်။
“လောလောဆယ် ကျနော်တို့ ဘာမှ တိတိကျကျမသိရသေးဘူး။ သေနတ်သံကတော့ ကျိုကြားကျိုကြား ကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့ အနီးရွာက ရွာသားတွေလည်း ထွက်ပြေးနေတယ်လို့ကြားရတယ်။ ကျနော်တို့ အဲ့အနီးကို သွားလို့မရသေးဘူး”ဟု ၎င်းက ပြောသည်။
SSPP/SSA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ၂၀၁၂ ခုနှစ်တွင် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားသည်။ ၂၀၁၄ ခုနှစ် မတ်လ အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ကာ SSPP/SSA ၏ တပ်စခန်း ၅ ခု ကို အစိုးရ စစ်တပ်က သိမ်းယူခဲ့သည်ဟု သိရသည်။
ထိုနည်းတူ အောက်တိုဘာ ၁ ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်) (MNDAA) တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့ နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် အစိုးရ တပ်ဘက်က ၁၇ ဦးသေဆုံးပြီး ၁၁ဦး ခန့် ဒဏ်ရာရခဲ့ကြောင်း၊ TNLA ဘက်မှ ၄ဦး ဒဏ်ရာရခဲ့ကြောင်း TNLA ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လ က ဧရာဝတီသို့ပြောသည်။