ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ မြန်မာနိုင်ငံသား သုံးဦးကို ဖမ်းဆီးထားပြီး ၂ ဦးက ဝန်ခံတယ်လို့ ထိုင်းဒုတိယ ရဲချုပ် Chakthip Chaichinda ရဲ့ပြောဆိုချက် အပေါ် ထိုင်း သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဒီလူသတ်မှုရဲ့ တရားခံဟာ မြန်မာနိုင်ငံသား ဖြစ်သွားခဲ့ရင် ကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေအပေါ် ထိုင်း အာဏာပိုင်တွေဘက်က ပိုမိုတင်းကျပ်တဲ့ ကိုင်တွယ်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ အဲဒီမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေက ပြောပါတယ်။
“စိုးရိမ်တဲ့လူကတော့ တအားစိုးရိမ်တာပေါ့။ ဝမ်းနည်းတဲ့လူတွေလည်း ဝမ်းနည်းကြတာပေါ့။ ကိုယ့်နိုင်ငံသားက သတ်တယ် ဆိုတော့ နေရထိုင်ရတာကြပ်မှာ၊ အလုပ်ရှင်တွေကအစ ကြပ်လာမှာ စိုးရိမ်စိတ်တွေရှိနေကြတာ”လို့ လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ ကိုစိုးမင်းထက် က ဧရာဝတီကို ပြောပါတယ်။
လိပ်ကျွန်းပေါ်က စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ပန်းရံနဲ့ အခြားလုပ်ငန်းတွေမှာ မြန်မာနိုင်သား အလုပ်သမားတွေ ထောင်နဲ့ချီအလုပ်လုပ်ကိုင်နေကြပြီး နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားမရှိသူတွေလည်း များတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေရဲ့ စစ်ဆေးမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုစည်သူ ကလည်း “ဒီလူသတ်မှုဟာ တကယ်လို့ မြန်မာဖြစ်သွားပြီဆိုလို့ရှိရင် ကျနော်တို့ ဒီကျွန်းမှာရှိတဲ့ အလုပ်သမားတွေ အခွင့်အရေး ပိတ်ပင်ခံရတာတို့ သွားရလာရတာ အကန့်အသတ်တွေ ရှိလာမယ်လို့ ထင်တာပဲ”လို့ ဧရာဝတီကို ပြောပါတယ်။
လောလောဆယ်တော့ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား သုံးဦးကို စစ်ဆေးမှုတွေပြုလုပ် နေပြီး အဖြေရတာနဲ့ ထုတ်ပြန်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။
ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရတဲ့ သတင်းဟာ တရားခံပေါ်ပေါက်ရေး အတွက် လူအများစိတ်ဝင်စားနေကြပြီး သံသယ ရှိသူအဖြစ် ကြုံတွေ့နေရတဲ့ မြန်မာ အလုပ်သမားသုံးဦး အခြေအနေအပေါ် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနဲ့ ဦးသိန်းစိန် အစိုးရတို့အနေနဲ့ စိုးရိမ်မှု တစုံတရာမပြဘဲ နှုတ်ဆိတ်နေတဲ့ အပေါ်ကိုလည်း မြန်မာနိုင်ငံသားတွေက ဝေဖန်နေကြပါတယ်။
မြန်မာ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း က “ဒီကိစ္စမှာ သံရုံးဘက်ကလည်း နီးနီးကပ်ကပ် ဝင်ရောက်ပြီး မြန်မာပြည်သားတွေကို ကာကွယ်ဖို့ သင့်တယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ စောင့်ကြည့်တယ်ဆိုတဲ့ ပုံစံမျိုးလောက်ပဲ နေတာတော့ အားမလို အားမရ ဖြစ်တယ်”လို့ ပြောဆိုပါတယ်။
တရားခံပေါ်ပေါက်ရေး အတွက် ထိုင်းရဲတပ်ဖွဲ့တွေက စစ်ဆေးရာမှာ မြန်မာ အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အဲဒီလို စစ်ဆေးရာမှာ ရိုက်နှက်စစ်ဆေးမှုတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အလုပ်သမားတွေက ပြောပြကြပါတယ်။
မကြာခင်ရက်ပိုင်းကလည်း ကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ရခိုင် တိုင်းရင်းသား ၆ ဦးကို ခေါ်ယူစစ်ဆေးရာမှာ ရိုက်နှက်မှုတွေ ရှိတယ်ဆိုပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုသန်းလှိုင်က ပြောပါတယ်။
“ကျနော်တို့ကို စစ်ဆေးတဲ့ အချိန်မှာ တုတ်နဲ့ အရိုက်ခံရတယ်။ တညလုံး အချုပ်ထဲမှာ ထည့်ထားပြီး စစ်ဆေးတယ်။ မိုးလင်းမှ မဟုတ်ဘူးဆိုပြီး ပြန်လွှတ်တယ်”လို့ ကိုသန်းလှိုင် က ဧရာဝတီကိုပြောပါတယ်။
ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အနေနဲ့ အခုဖြစ်ပွားနေတဲ့ ကိစ္စကို ကိုယ်တိုင်သွားရောက် စုံစမ်းမှုတွေ မရှိပေမယ့် စဉ်ဆက်မပြတ် စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင် က ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် သံသယနဲ့ ခေါ်ယူစစ်ဆေးခံနေရတဲ့ မြန်မာ အလုပ်သမားသုံးဦးကို ဥပဒေကြောင်း အရ မေးမြန်းမှုတွေ ပြုလုပ်နိုင်ရေးအတွက် သံရုံး ပါဝင်ဖွဲ့စည်းထားတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စောင့်ရှောက်ရေး ကော်မတီ က ထိုင်းနဲ့ မြန်မာ ရှေ့နေနှစ်ဦး ကို လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။
“ထိုင်းရှေ့နေ တယောက်ရယ်၊ မြန်မာရှေ့နေ တယောက်ရယ် အဲဒီကလေးတွေနဲ့ တွေ့ဖို့ ဒီနေ့မနက်ပဲ လွှတ်ထားပါတယ်”လို့ သံ အမတ်ကြီး ဦးဝင်းမောင် က ပြောပါတယ်။
ဒါ့အပြင် ထိုင်းအာဏာပိုင်တွေအနေနဲ့ တရားခံပေါ်ပေါက်ရေး စစ်ဆေးရာမှာ ရိုက်နှက်စစ်ဆေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း စုံစမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး တွေ့ရှိပါက အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံမေးမြန်းမယ့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စောင့်ရှောက်ရေး ကော်မတီ က ရှေ့နေ ဦးမျိုးသန့်ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေ မှားယွင်းအရေးယူခံရတာမျိုး မဖြစ်အောင်တော့ ကြိုးစားသွားမယ် ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
“အပြစ်မရှိဘဲ ထိုးကျွေးခံရတဲ့ ဖြစ်ရပ်မျိုးကိုတော့ မဖြစ်စေသင့်ပါ။ မဖြစ်စေရပါ။ မိမိနိုင်ငံနှင့်မိမိ လူမျိုးတို့၏ ဂုဏ်သိက္ခာကိုတော့ လုံး၀ အထိခိုက်ခံ၍ မရပါ။ ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အထူးတာဝန်ပေးခံထားရသူ တယောက်အနေနှင့် သံရုံး၏ အကူအညီဖြင့် စွပ်စွဲခံထားရသော မြန်မာ အလုပ်သမားများကို ထိုင်းရှ့နေများနှင့် အတူအမြန်သွားရောက်တွေ့ ဆုံပြီး အမှုမှန်ဖြစ်စေရေး ဆောင်ရွက်သွားမည်”ဟု ရေးသားထားတာကို တွေ့ရပါတယ်။