မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာအနီး မြှုပ်နှံထားသော သတင်းထောက်ကိုပါကြီး၏ အလောင်းကို စစ်ဆေးရာမှာ သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိရတယ်လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာက မှုခင်းဆရာဝန်ရဲ့ ပြောဆိုချက်ကို မီဒီယာများသို့ ပြန်လည်ပြောဆိုသည်။
“ကျည်ပေါက်ရာ ၅ ခု တွေ့တယ်လို့ ပြောတယ်၊ တခုက မေးစေ့ကနေပြီး ခေါင်းကိုပေါက်ထွက်သွားတဲ့ ဒဏ်ရာ တချက်၊ ကျောကနေ ရင်ဘတ်ကို ပေါက်ထွက်သွားတဲ့ ဒဏ်ရာ ၂ချက်၊ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာ နှစ်ချက် တွေ့ရတယ်လို့ မူခင်းဆရာဝန်က ပြောတယ်” ဟု ဒေါ်သန္တာက ပြောသည်။
ကိုပါကြီး သေဆုံးမှု မှုခင်းဆေးစစ်ချက် ရှာဖွေအပြီး ဇနီး ဒေါ်သန္တာကို ခေါ်ယူတွေ့ဆုံခဲ့သော်လည်း အများပြည်သူ သိရှိစေရန် ထုတ်ပြန်မည်၊ မထုတ်ပြန်ဆိုသည်ကို မသိရသေးပေ။
ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်သန္တာက ကျိုက်မရောမြို့နယ်ရဲစခန်းတွင် အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းက သွားရောက် အမှုခွင့်ခဲ့သော်လည်း ရဲစခန်းက အမှုမဖွင့်ပေးခဲ့ဘဲ ငြင်းဆန်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက် ညနေပိုင်းမှသာ ရဲစခန်းက ကိုပါကြီးသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၁၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ခွင့် ပေးခဲ့သည်။
ဇနီး ဒေါ်သန္တာနှင့်အတူ တပ်မ ၂၂ မှ အရာရှိများ၊ စစ်သည်များ၊ ကျိုက်မရော ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မော်လမြိုင် ဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ ရန်ကုန်နာရေး ကူညီမှု အသင်းမှ လိုက်ပါ ကူညီသူများ၊ ရှေ့နေများ၊ မွန်အမျိုးသား ပါတီဝင်များနှင့် သတင်းမီဒီယာများ ရှေ့တွင် ကိုပါကြီး အလောင်းကို နိုဝင်ဘာ ၅ ရက် ပြန်လည်ဖော်ယူခဲ့သည်။
ကိုပါကြီးရဲ့ ရုပ်အလောင်းကို ရန်ကုန်၌ ပြန်လည်သဂြိုလ်ဖို့ သယ်ဆောင်ရန် သက်ဆိုင်ရာ အစိုးရက ခွင့်ပြုသော်လည်း မော်လမြိုင်မြို့ရှိ ဘုန်းကြီး ၈ ပါးက မော်လမြိုင် ဆေးရုံသို့ လာရောက်ပြီး သေဆုံးသူ အလောင်းကို ရန်ကုန်မြို့ကို ပြန်လည် သယ်ဆောင်မှုက ရိုးရာဓလေ့ဖြင့် မကိုက်ညီဟုဆိုကာ ပြောဆိုတားမြစ်ခဲ့သည်။
ထို့ကြောင့် လုံခြုံရေး စိုးရိမ်ပြီး အစိုးရ၏ အစီအမံဖြင့် ကိုပါကြီးအလောင်းကို ရန်ကုန်ပြန်သယ်ရန် ဒေါ်သန္တာက တောင်းဆိုထားသည်။
ကိုပါကြီး ရုပ်အလောင်းအား ရုပ်အလောင်းအား ရန်ကုန်တွင် ပြန်လည်သဂြိုလ်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းလျက်ရှိပြီး ယနေ့ညနေပိုင်းတွင် ရေဝေးသုသာန်၌ သဂြိူလ်ရန် သချိုင်းလက်မှတ် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
ကိုပါကြီးသည် မွန်ပြည်နယ် ကျိူက်မရောမြို့၌ သတင်းယူရန် ရောက်ရှိနေစဉ် မြန်မာ စစ်တပ်၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ၌ သေဆုံးသွားကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်စွဲ တပ်ထားသော သတင်း ထုတ်ပြန်ကြေညာချက် တစောင်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့် ဖြန့်ဝေခဲ့သည်။