ထိုင်းနိုင်ငံတောင်ပိုင်း စထာဟိပ် လှေဆိပ်က ငါးဖမ်းလှေမှာ လူပွဲစားတွေရဲ့ ရောင်းစားခြင်း ခံရတဲ့ မြန်မာနိုင်ငံသား ၆ ဦး ဟာ ပိတ်လှောင် ခံထားရာက ထွက်ပြေး လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိပါတယ်။
အဲဒီ ၆ ဦးကို စထာဟိပ်ကမ်းခြေမှာ လှေဆိုက်ကပ်ထားချိန် လှေဦးစီးက ကမ်းခြေရှိ တိုက်ခန်းတခုအတွင်း သော့ခတ် ပိတ်လှောင် ထားခြင်းဖြစ်ပြီး မနေ့ မနက်ပိုင်းက အခန်းတံခါးကို ချိုးဖျက်ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက် နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ပြောပါတယ်။
“သူတို့တွေ ဒီငါးဖမ်းလှေမှာ ရောင်းစားခံထားရတာ ၁၂ ရက်ရှိပြီ။ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုတောင် တခေါက်လိုက်ပြီးပြီ။ ဆိပ်ကမ်း ကပ်တုန်း ပိတ်ထားတဲ့ အခန်းကို ဖောက်ပြီး ထွက်ပြေးလာကြတာ”လို့ FED အဖွဲ့ဝင် ကိုမင်းဦး က ဧရာဝတီကို ပြောပါတယ်။
ထွက်ပြေးလာသူ ၆ ဦးအနက် ၄ ဦးကို စထာဟိပ် ရဲစခန်းက ဖမ်းဆီးမိခဲ့ပြီး ကျန် ၂ ဦးကတော့ လူစုကွဲကာ လွတ်မြောက်နေတဲ့ အတွက် ပွဲစားတွေနဲ့ လှေသမားတွေ ပြန်တွေ့သွားမှာကို စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။
မြန်မာ အလုပ်သမားတွေကို အခန်းတွင်း ပိတ်လှောင်ထားတဲ့ လှေဦးစီးကိုလည်း စထာဟိပ် ရဲစခန်းက ဖမ်းဆီး အမှုဖွင့် အရေးယူ ထားပြီး လွတ်မြောက်သူတွေထဲက ၄ ဦးကို ထိုင်းနိုင်ငံ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ဌာန ယာယီ ထိန်းသိမ်းရေး စခန်းကို ပို့ဆောင် ထားကြောင်း သိရပါတယ်။
လွတ်မြောက်လာသူထဲက တဦးဖြစ်တဲ့ ကိုဖြိုးငြိမ်းအောင် က“၁၂ ရက်ကြာ အခိုင်းခံရတယ်၊ ကျနော်တို့တော့ လူသစ်တွေမို့လို့ အရိုက် မခံရပေမယ့် တချို့လူဟောင်းတွေကို ရိုက်တာနှက်တာ ဆဲတာ ငေါက်တာတွေ တွေ့ခဲ့ရပါတယ်”လို့ ပြောပြပါတယ်။
လွတ်မြောက်လာသူတွေကတော့ မောင်ဖြိုးငြိမ်းအောင် အသက် ၂၂ နှစ်၊ မောင်ကျော်စွာ အသက် ၃၀ ၊ စိုးလင်းပိုင် ၂၁ နှစ် နဲ့ ထွန်း ထွန်းဝင်း ၂၉ နှစ်တို့ဟာ မအူပင်၊ ဘိုကလေး၊ ဟိုင်းကြီးနဲ့ သထုံ ဇာတိတွေဖြစ်ကြပြီး မြဝတီ၊ မဲဆောက် လမ်းကြောင်း ကတဆင့် ငါးဖမ်းလှေမှာ တဦးကို ထိုင်း ဘတ်ငွေ ၁၆၀၀၀ (ကျပ် ၅ သိန်းခန့်) နဲ့ ရောင်းစားခံခဲ့ရတာလို့ သိရပါတယ်။
မြဝတီက ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကူးလာစဉ် လူပွဲစားတွေက ဘန်ကောက်မြို့မှာ လစာကောင်းတဲ့ အလုပ်တခုရမှာ ဖြစ်ကြောင်း၊ နေထိုင်လုပ်ကိုင်ခွင့်အတွက် ပတ်စ်ပို့ လုပ်ပေးမယ့် အပြင် လမ်းစရိတ်ကိုလည်း ချက်ချင်း ပေးစရာမလိုဘဲ အလုပ်ရပြီးမှ ချေနိုင်ကြောင်း ပြောဆိုခေါ်ယူလာခဲ့တာလို့ ဆိုပါတယ်။
ဘန်ကောက်မြို့ကို ထွက်ခွာလာစဉ် က စုစုပေါင်း ၁၃ ဦးဖြစ်ပြီး မဲဆောက်-ဘန်ကောက် ခရီးကို ၄ ရက်ကြာ တောလမ်းက ဖြတ် သန်း ခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်း ပင်လယ်ပြင် ငါးဖမ်းလှေတွေပေါ်မှာ ပင်ပန်းဆင်းရဲကြတဲ့ အတွက် အလုပ်လုပ်လိုသူ ရှားပါးလို့ စားဝတ်နေရေး ကြပ်တည်းပြီး အလုပ်အကိုင်ရှာဖွေဖို့ လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေအဖို့ လူပွဲစားတွေရဲ့ သားကောင်တွေ ဖြစ်နေရကြောင်း လှေပေါ်မှာ တရား မဝင် ရောင်းစားခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို မကြာခဏ ကယ်ထုတ်ပေးခဲ့တဲ့ ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကပြောပါတယ်။
“အစိုးရတွေ ဘယ်လောက်ပဲတားဆီး တားဆီး အဓိကပြဿနာက မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ထိုင်းငါးဖမ်းလှေမှာ အလုပ်သမား ရှားပါးမှုဖြစ်တယ်၊ အလုပ်လိုတဲ့သူနဲ့ အလုပ်သမားလိုနေတာနဲ့ ကွက်တိဖြစ်နေတော့ အလုပ်လိုနေ တဲ့ သူတွေဟာ ပွဲစားတွေရဲ့ သားကောင်ဖြစ်သွားတာပဲ”လို့ ဦးကျော်သောင်းက ဧရာဝတီကို ပြောပါတယ်။
ထိုင်း ငါးဖမ်းလှေတွေပေါ်မှာ လုပ်ကိုင်နေကြသူတွေထဲမှာ မြန်မာနိုင်ငံသားအများစုဖြစ်ပြီး တရားမဝင် ရောင်းစားခံထားရ သူတွေများပြားကြောင်း၊ အနည်းစုသာ လွတ်မြောက်လာပြီး တချို့ဆိုရင် ပင်လယ်ထဲမှာပဲ သတ်ဖြတ်ခံရတဲ့ အခြေအနေ တွေရှိကြောင်းလည်း ဦးကျော်သောင်းက ဆက်ပြောပါတယ်။
အခု ထွက်ပြေး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီ က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။