ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ၌ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွား နေကြောင်း သိရသည်။
KIA ဌာနချုပ် တည်ရှိရာ ဒေသတဝိုက်သို့ အစိုးရ တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၄ နာရီ ဝန်းကျင်တွင် ၆ ကြိမ် အထိ ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ၎င်းတို့ဘက်က ပြန်လည် ပစ်ခတ်မှု မလုပ်ဆောင်ခဲ့ကြောင်း KIA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်က ဧရာဝတီသို့ ပြောသည်။
၎င်းက “၂၃ ရက်နေ့ မနက်ပိုင်းမှာပဲ လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်တယ်။ ၆ ကြိမ်ပစ်တဲ့အထဲက တကြိမ်မှာတော့ ဌာနချုပ်အနီးက ဒုက္ခသည် စခန်းအနီးကို ကျရောက်ပြီးတော့ ပေါက်ကွဲမှု ဖြစ်သွားတယ်။ ထိခိုက် ဒဏ်ရာရတာတော့ မရှိခဲ့ဘူး” ဟု ဆိုသည်။
အလားတူ ထိုရက်၌ပင် KIA တပ်မ ၁၉ တည်ရှိရာ အရပ်ကိုလည်း နံနက်ပိုင်း၌ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်၊ ညနေပိုင်းတွင်လည်း KIA ၏ တပ်မဟာ ၃ နယ်မြေရှိ တပ်ရင်း ၁၅ ရှိရာ အရပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် KIA မှ တပ်သား ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း ဦးလာနန်က ပြောသည်။
၎င်းက “တပ်မဟာ ၁၅ ဘက်ကို ပစ်တာလည်း စခန်းကို တည့်တည့် ပစ်တာတော့ မဟုတ်ဘူး။ ရမ်းသမ်း ပစ်ခတ်တာ ဆိုတော့ ရွာဟောင်းတွေဘက်ကိုပဲ ကျည်တွေက ကျတယ်။ တပ်မဟာ ၃ နယ်မြေမှာလည်းပဲ လက်နက်ကြီးနဲ့ ၉ ကြိမ်အထိ ပစ်ခတ်ခဲ့တယ်၊ လက်နက် အမျိုးအစား အတိအကျကိုတော့ ကျရောက် ပေါက်ကွဲတဲ့ နေရာတွေမှာ ရှာဖွေရေး လုပ်နေကြဆဲပါ” ဟု ပြောသည်။
သို့သော် ပစ်ခတ်သည့်နေရာ အတိုင်းအတာများအရ ခန့်မှန်းရမည်ဆိုပါက ၁၂၀ မမ သို့မဟုတ် ၁၀၅ မမ တို့ ဖြစ်နိုင်မည်ဟု ယူဆကြောင်း KIA ပြောခွင့်ရသူက ဆိုသည်။
လိုင်ဇာဒေသရှိ KIA ဗိုလ်သင်တန်းကျောင်းအား အစိုးရ တပ်မတော်မှ ၁၀၅ မမ လက်နက်ကြီးဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သင်တန်းသား ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီး၊ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။
ထိုသို့ ပစ်ခတ်ရခြင်းသည် အစိုးရ တပ်မတော်မှ ဆောင်ရွက်နေသည့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများကို KIA က နှောင့်ယှက်မှုများ လုပ်ဆောင်ခြင်းကြောင့် သတိပေးသည့်အနေဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က မြစ်ကြီးနား၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
အစိုးရ တပ်မတော်၏ ပုံမှန်ဆောင်ရွက်နေကျ လုပ်ငန်းများနှင့် ပတ်သက်၍ လက်နက်ကိုင် တပ်ဖွဲ့များအား အခါအားလျော်စွာ သတိပေးလေ့ရှိကြောင်း၊ သို့သော် KIA အနေဖြင့် အောက်တိုဘာ ၂၆၊ ၂၇၊ ၂၈ ရက်နေ့တို့၌ မိုးမောက်မြို့နယ်၊ လွယ်ဂျယ် မြို့နယ်ခွဲ၊ လွယ်ရင်း ကျေးရွာ အနီးရှိ အစိုးရ တပ်စခန်းအား လာရောက်နှောက်ယှက် ပစ်ခတ်မှုများရှိခဲ့ကြောင်း အစိုးရက နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သေးသည်။
အစိုးရ ပြောဆိုမှုသည် မှန်ကန်မှု မရှိဘဲ အကြောင်းပြချက်သာ ဖြစ်ကြောင်း၊ အစိုးရ တပ်မတော်၏ လမ်းဖောက်နေသည် ဆိုသည့် ဒေသ၌လည်း မည်သည့် လမ်းဖောက်လုပ်မှုမျှ မရှိကြောင်း၊ အစိုးရ တပ်မတော်၏ လက်ရှိ လုပ်ဆောင်နေမှုများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို အပြုတ်တိုက်ရေး ဗျူဟာအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ဦးလာနန်က ပြောဆိုသည်။
၎င်းက “သူတို့က ပစ်တယ်၊ ပစ်ပြီးတာနဲ့ KIA က ပစ်လို့ တုံ့ပြန်တာပါ ဆိုပြီး ချက်ချင်း ဖြေရှင်းချက် ပေးတယ်။ ဒီလိုပဲ အမြဲတမ်း ပြောနေကျပါ၊ နောက်လည်း ပစ်နေဦးမှာပဲ။ ပြီးရင် KIA က ပစ်လို့ ပြန်ပစ်တာပါပဲ ပြောဦးမှာပါ” ဟု ဆိုသည်။
တပ်မတော်မှ ဖောက်လုပ်နေသည့် လမ်းစီမံကိန်းအား KIA က နှောင့်ယှက် ပစ်ခတ်သည်ဟု ဆိုပါက ထိုပစ်ခတ်မှုအတွက် နိုင်ငံတကာ၏ စစ်ဆေးမှု လာရောက် ဆောင်ရွက်နိုင်ကြောင်း KIA က ဆိုသည်။ စစ်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အများပြည်သူ သွားလာမှု မရှိတော့သည့် နေရာဒေသ၌ လမ်းဖောက်လုပ်နေသည် ဆိုပါကလည်း ထိုလမ်းသည် အစိုးရ စစ်တပ်၏ စစ်ဆင်ရေးအတွက် အသုံးပြုရန် ဖောက်လုပ်ခြင်းသာ ဖြစ်ကြောင်း KIA ပြောခွင့်ရသူက ပြောသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ပစ်ခတ်မှုကြောင့် KIA ဗိုလ်သင်တန်းကျောင်းမှ သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ပြီးနောက် KIA ဌာနချုပ် အနီးတဝိုက်မှ အစိုးရ စစ်စခန်းများ ဖယ်ရှားပေးရန် KIA မှ တောင်းဆို ထားသော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိသေးကြောင်း၊ ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) မှလည်း မည်သို့မျှ ပြောဆိုမှု မရှိသေးဟု သိရသည်။
လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် စစ်ကြောင်းများအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်ခြင်းအား နှောင့်ယှက် ဟန့်တားမှုများ ထပ်မံ မပြုလုပ်စေရန်လည်း သတိပေးကြောင်း၊ KIA ၏ ကြေညာချက်ထုတ် တောင်းဆိုမှုအပြီး ထုတ်ပြန်ခဲ့သည့် အစိုးရ တပ်မတော်၏ နိုင်ဝင်ဘာ ၂၀ ရက်ထုတ် ကြေညာချက်၌ ဖော်ပြထားသည်။