ကရင်ပြည်နယ်၊ သံတောင်မြို့နယ် အခြေစိုက် ကရင်လွတ်မြောက်ရေး တပ်မတော်မှ (KNU/ KNLA) တပ်မဟာ ၂ တပ်ဖွဲ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်ဟုဆိုကာ ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
“KNU တပ်မဟာ၂ အဖွဲ့ရဲ့ တံဆိပ်တုံးတွေနဲ့ လူထုဆီက ထောက်ပံ့ငွေ ပေးပါဆိုပြီး ကောက်တာ။ သူတို့ ပြောတာက အစိုးရနဲ့ အပစ်အခတ် ရပ်စဲကာလမှာ ဘာစီးပွားရေးမှလည်း မရှိ၊ အစိုးရဆီက ထောက်ပံ့ငွေ မရတော့ လူထုကို ထောက်ပံ့ ပေးဖို့ တောင်းခံပါတယ်ဆိုပြီး စာပို့တယ်။ သူတို့ စာပို့တာက ကျနော်တို့ ရွာတွေတင် မဟုတ်ဘူး။ အစိုးရ ဌာနဆိုင်ရာ ၈ ခုလောက် အထိ မိတ္တူတွဲပို့တာ” ဟု သံတောင်မြို့နယ် အတွင်းရှိ ကျီးတော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ဧရာဝတီကို ပြောသည်။
KNU/KNLA အဖွဲ့က ကောက်ခံသည့် ငွေ မပေးပါက မည်သို့ ပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများ မရှိသော်လည်း မိမိတို့ ကျေးရွာ အတွင်းရှိ သာရေး၊ နာရေး လူမှုရေးအဖွဲ့များက လူထုထံမှ ငွေကြေး ကောက်ခံကာ KNU/KNLA အဖွဲ့သို့ ပေးပို့နေရကြောင်း ၎င်းက ဆက်ပြောသည်။
ဒေသခံ ပြည်သူများက KNU/KNLA ကောက်ခံသည့် ငွေကို မပေးလျှင် မိမိတို့ကို တစုံတရာ ပြုလုပ်မည်ကို စိုးရိမ်သည့် အတွက် ငွေပေးခဲ့ကြောင်း၊ မိသားစုတစုချင်းစီ၏ ငွေကြေးချမ်းသာမှုအပေါ် မူတည်ပြီး ကျပ် ၁ ထောင်မှ ကျပ် ၂ သိန်းကျော် အထိ ပေးခဲ့ရကြောင်း ကျီးတော်ကျေးရွာမှ ဒေသခံ တဦးက ဆိုသည်။
“ပေးဆိုတော့ ပေးရတာပေါ့။ မပေးရင် ကျနော်တို့ရွာကို မီးပဲလာရှို့မလား၊ လူကိုပဲ လာသတ်မလား ကြောက်နေရတာ။ ကျနော်တို့ စီးပွားရေးကလည်း တောနဲ့ မကင်းတော့ တောထဲသွားရင် တခုခု ဖြစ်မှာလည်း စိုးရိမ်ရတယ်။ အစိုးရဘက်ကို ဒီကိစ္စတွေ သွားပြောရင် ကျနော်တို့ တခုခုဖြစ်မှာလည်း စိုးရိမ်ရတော့ ဘယ်ရွာသားကမှ သွားမပြောရဲကြဘူး” ဟု ၎င်းက ဆက်ပြောသည်။
ဒေသခံများက သစ်တောအတွင်း သစ်သွားခုတ်ပါက တောတခါဝင်လျှင် ကျပ် ၅ ထောင်နှုန်းဖြင့် KNU/KNLA တပ်ဖွဲ့ကို ပေးနေရပြီး သစ်အစိုများကို ခုတ်ခွင့် မရကြောင်း၊ KNU အဖွဲ့နှင့် နီးစပ်သော သူများသာ သစ်အစိုများကို စိတ်တိုင်းကျ ခုတ်ခွင့် ရနေသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
KNU/KNLA အဖွဲ့သည် ဟိုးယခင်နှစ်များက သံတောင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ နှစ်စဉ် တနှစ်လျှင် တကြိမ် ငွေကြေး လာရောက် ကောက်ခံဖူးသော်လည်း ပြီးခဲ့သည့်နှစ်က လာရောက် ကောက်ခံခြင်း မရှိကြောင်း သိရသည်။
ငွေကြေးကောက်ခံရာတွင် ဆင်းရဲသော မိသားစု တစုလျှင် ကျပ် တထောင်မှ ကျပ် ၁ သောင်း အထိ လည်းကောင်း၊ ဈေးဆိုင် ပိုင်ဆိုင်ကြသော မိသားစု တစုလျှင် ကျပ် ၃ သောင်းမှ ကျပ် ၁ သိန်း အထိ လည်းကောင်း၊ လယ်နှင့် စပါးခြွေလှေ့စက် ပိုင်ဆိုင်သော မိသားစု တစုလျှင် ကျပ် ၅ သောင်း၊ အဝေးပြေးကား ပိုင်ဆိုင်သည့် မိသားစု တစုလျှင် ကျပ် ၁ သိန်းမှ ကျပ် ၂ သိန်း စသည်ဖြင့် ရွာတရွာလျှင် အနည်းဆုံး ကျပ် ၁၃ သိန်းကျော် ပေးနေရကြောင်း သံတောင် ဒေသခံ တဦးက ပြောသည်။
KNU/KNLA အဖွဲ့ ငွေကြေးကောက်ခံသော ကျေးရွာ အနည်းဆုံး ၁၀ ရွာ ကျော် ရှိသည်ဟု ကြားရကြောင်း၊ ငြိမ်းချမ်းရေး အတွက်ဟု ဆိုကာ ဌာနဆိုင်ရာ၏ တရားဝင် ခွင့်ပြုချက် ရယူပြီးမှ ငွေကြေးကောက်ခံကြသည့် ပုံစံမျိုး ပြောဆိုနေကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ငွေကြေး ကောက်ခံနေမှုနှင့် ပတ်သတ်ပြီး KNU တပ်ဖွဲ့ ဌာနချုပ် အတွင်းရေးမှူးဖြစ်သူ ပဒိုကွယ်ထူးဝင်းက “ကျနော်တို့ ဒီသတင်း မရသေးပါဘူး။ တပ်မဟာ ၂ ဘက်မှာ ဖြစ်တယ်ဆိုတော့ ကျနော်တို့ ပြန်စုံစမ်းရပါဦးမယ်။ အဲဒီလို ငွေကြေးကိုလည်း အတင်းအဓမ္မ ကောက်ခံလို့ မရဘူး။ ကျနော်တို့ ပြန်စုံစမ်းပါဦးမယ်။ သေချာတယ်ဆိုရင် နောက်အဲဒီလို မလုပ်ဖို့ ကျနော်တို့ ညွှန်ကြားရမှာပေါ့” ဟု ပြောသည်။