၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးခဲ့သည့်အတွက် စစ်ခုံရုံးတင် စစ်ဆေးခံနေရသော ဗိုလ်မှူး အဆင့်ရှိ တပ်မတော်သား တဦးသည် ၅ လကျော် အချိန်အထိ မိသားစုနှင့်တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။
မန္တလေးတိုင်း ပြင်ဦးလွင် အခြေစိုက် အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး ကျော်စွာဝင်း သည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပေး ခဲ့မှုဖြင့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်း ကတည်းက တပ်အချုပ်တွင် အရေးယူခံနေရကြောင်း၊ ၎င်း၏အမှုကို တပ်တွင်းစစ်ခုံရုံးက စစ်ဆေး နေပြီး အထက်မှ ညွှန်ကြားချက်အမိန့်ကို စောင့်ဆိုင်းနေသည့် အခြေအနေမျိုး ရှိကြောင်း ဗိုလ်မှူး ကျော်စွာဝင်း မိသားစုနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။
“အခုအချိန်ထိ သူက တပ်တွင်း အချုပ်ထဲမှာ။ မိသားစုတွေ ဘယ်သူမှ သွားတွေ့ခွင့် မရသေးဘူး။ သူ့ကျန်းမာရေးတော့ ဘာမှ မဖြစ် ဘူး ကြားတာပဲ။ သူအဖမ်းခံရတုန်းက သတင်းဌာနတွေမှာ သူ့သတင်း ရေးလိုက်ကြ ကတည်းက သူ့ကို မိသားစုအပြင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတော့တာ အခုချိန်ထိပဲ။ စစ်တပ်ရဲ့ ဥပဒေအရ တပ်ထဲမှာ ချုပ်ထားတာကလည်း ၆ လက အများဆုံးပဲ ဆိုတော့ သူ့ကို အထက်က လာမယ့်လအတွင်း ညွှန်ကြားချက်ထွက်ပြီး တခုခုတော့ ပြစ်ဒဏ်ပေးတော့မယ် ထင်တယ်”ဟု မိသားစုနှင့် နီးစပ်သည့် အမည်အဖော်လိုသူ တဦးက ပြောပြသည်။
ပြင်ဦးလွင်မြို့၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ဦးဆောင်ပြုလုပ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက် ခံပွဲတွင် ဗိုလ်မှူး ကျော်စွာဝင်းသည် စစ်ဝတ်စုံဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အတွက် ထိုနေ့၌ပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူး ကျော်စွာဝင်း၏ မိသားစုဝင် တဦးက“ပြင်ဦးလွင် ဈေးရှေ့မှာ သူနဲ့ ရင်းနှီးတဲ့ NLD က လူတဦးက သူ့ကို တွေ့တော့ ဒီမှာ လက်မှတ်ထိုး ဆန္ဒပြုပေးပါ ဆိုလို့ သူက လက်မှတ် ထိုးပေးလိုက်တာ။ ဘာအကြောင်းဆိုတာ သူသေသေချာချာ မသိခဲ့ဘူး။ ဒါပေမယ့် အဲဒီဓာတ်ပုံက အင်တာနက်မှာ ပျံ့သွားတော့ သူ့ကိုချက်ချင်း တပ်ကခေါ်ပြီး အချုပ်ထဲ ထည့်လိုက်တာ။ သူ့သတင်း ဂျာနယ် တွေမှာ ပါလာရင် သူ့ကို အငြိုးထားပြီး လုပ်မှာလည်း စိုးရိမ်နေရတယ်။ အခုချိန်က အထက်က ညွှန်ကြားချက်ကို စောင့်နေရတဲ့ အချိန်မျိုးဆိုတော့ ဘာဖြစ်မယ်ဆိုတာ မသိရသေးဘူး”ဟု ဧရာဝတီကို ပြောသည်။
ဗိုလ်မှူး ကျော်စွာဝင်းသည် တပ်မတော်အင်ဂျင်နီယာ DSTA အပတ်စဉ် ၂ သင်တန်းဆင်း တဦး ဖြစ်ပြီး ပြင်ဦးလွင် အခြေစိုက် စစ် အင်ဂျင်နီယာတပ်(တလက – ပြင်ဦးလွင်) တွင် တာဝန်ထမ်းဆောင်စဉ် ယခုကဲ့သို့ ကြုံတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“သူဟာ ရခိုင်မှာ တပ်မှူးအဖြစ် တာဝန်ကျတုန်းက တပ်ကြပ်ကြီး တယောက်က တပ်ပြေး ဖြစ်နေပေမယ့် လွှတ်ပေးလိုက်တာကြောင့် သူ့ကို ဖမ်းရတယ်ဆိုပြီး သတင်းလွှင့်ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း စစ်နေတာက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ လက်မှတ် ထိုးခဲ့တာကို စစ်နေတာ။ သူ့ရဲ့ ရခိုင်က အဖြစ်အပျက်က ၂၀၁၃ ခုနှစ် ဇူလိုင် လကတည်းက သူ့ရဲ့ တပ်တွင်းကိုယ်ရေး မှတ်တမ်းမှာ တပ်မှူး တယောက်မှာ တာဝန်မကင်းဘူးဆိုပြီး ထည့်သွင်းပြီး အရေးယူ ခံထားရပြီးသား”ဟု ဗိုလ်မှူး ကျော်စွာဝင်း ၏ မိသားစုဝင်က ပြောပြသည်။
ဗိုလ်မှူး ကျော်စွာဝင်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြု လက်မှတ် ရေးထိုးထားခြင်းကြောင့် ဖမ်း ဆီးအရေးယူခြင်း မဟုတ်ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း စစ်ခုံရုံးတွင် စစ်ဆေးစဉ် တလျှောက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုသာ ဦးတည် စစ်ဆေးပြီး တပ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် စစ်ဆေး အရေးယူရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း တလက – ပြင်ဦးလွင်တပ် အသိုင်းအဝန်းက အမည်မဖော်လိုသူ တဦးက ပြောဆိုသည်။