ပြည်ထောင်စု အစိုးရအဖွဲ့က လွှတ်တော်သို့ တင်သွင်းလိုက်သည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် လူ့အခွင့်အရေးကို ထိခိုက်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေသည်။
ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံသားတိုင်း ကိုးကွယ်ရာဘာသာကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရရှိစေရန်နှင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းပြုရာတွင် ပွင့်လင်းမြင်သာပြီး စနစ်တကျရှိစေရန်အတွက် ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၁ ရက် ထုတ် အစိုးရသတင်းစာများက ဖော်ပြထားသည်။
“ဒီဥပဒေကြမ်း ထွက်လာတာဟာ မသမာသူ လူတစုအတွက် အကြောင်းပြချက်တွေ ရလာဦးမှာပေါ့၊ ဒါတွေ ထွက်လာလို့လည်း တိုင်းပြည်မှာ ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု ပြဿနာတွေ ပြေလည် သွားလိမ့်မယ်လို့ လုံးဝ မထင်ဘူး။ ဘာသာပေါင်းစုံနေတဲ့ ဒီနိုင်ငံမှာ ဘာသာပြောင်းတယ်၊ မပြောင်းဘူးဆိုတာ ကိုယ်ပိုင် လွတ်လပ်ခွင့်ပဲ” ဟု ရန်ကုန်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတကျောင်း၏ ဂေါပကဖြစ်သူ ဦးခင်အောင်က ဧရာဝတီသို့ ပြောသည်။
အဘက်ဘက်မှ လိုအပ်ချက်များစွာ ရှိနေသည့် ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို အကောင်အထည် ဖော်ရန် မကြိုးပမ်းဘဲ ယင်းဥပဒေကြမ်းကို ပြဋ္ဌာန်းလိုသည့် အစိုးရအပေါ် ဘာသာရေးကို နိုင်ငံရေး လှည့်ကွက်တခုအဖြစ် အသုံးချနေသည်ဟု ထင်မြင်မိကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း သုံးသပ်ပြောဆိုသည်။
“စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကို သတ်မှတ်မှုတခု အနေနဲ့ လုပ်မယ်ဆိုတာကို သိပ်သဘောမကျဘူး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး စတဲ့ အရေးကြီးကိစ္စတွေ အများကြီး ရှိနေတဲ့အချိန်မှာ ဒီဥပဒေကြမ်း တင်လိုက်တဲ့အပေါ် ကျနော်တို့တွေ သံသယ အများကြီးရှိနေတယ်။ ဒီအပေါ် မူတည်ပြီး ဥပဒေကို လက်ခံမယ်၊ လက်မခံဘူးဆိုတဲ့ အဖွဲ့တွေ ကွဲသွားပြီး အခြားကိစ္စတွေမှာ အာရုံစိုက်မယ့် အားတွေ လျော့သွားတာမျိုး ဖြစ်နိုင်တာကြောင့် ဒီဥပဒေကြမ်းအပေါ် သဘောမကျဘူး” ဟု လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသည့် Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်သည်။
ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်သည့် ဥပဒေကြမ်းတွင် ကိုးကွယ်မှုဘာသာ ကူးပြောင်းမှု ပြုလုပ်နိုင်ရန် မြို့နယ်အသီးသီးတွင် စိစစ်မှတ်ပုံတင်ရေး အဖွဲ့အဖြစ် မြို့နယ်သာသနာရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် အဆိုပါဌာနက ရွေးချယ်ထားသည့် ကိုးကွယ်ရာ ဘာသာအသီးသီးနှင့် သက်ဆိုင်သည့် မြို့မိမြို့ဖ ၄ ဦး၊ ပညာရေးဝန်ထမ်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ပါဝင်ဖွဲ့စည်းမည်ဟု ပါဝင်သည်။
ဥပဒေကြမ်းတွင် ပါဝင်နေသည့် နည်းဥပဒေပိုင်းဆိုင်ရာ ကိစ္စများနှင့် မှတ်ပုံတင်ရန် ဆောင်ရွက်ရမည့် ကိစ္စများတွင် အစိုးရနှင့် အရပ်ဘက်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ အများဆုံး ပါဝင်စီမံမည်ဖြစ်၍ ဗဟိုချုပ်ကိုင်မှု များပြားနေကြောင်း၊ ဘာသာပြောင်းလဲရသည့် ရည်ရွယ်ချက်ကို မေးမြန်းသည့် အချက်မှာလည်း လူတဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးကိစ္စ ဖြစ်သည့်အတွက် မမေးသင့်ကြောင်းနှင့် လက်ရှိ လွှတ်တော်တင်ထားသည့် ဥပဒေကြမ်းများသည် ရည်ရွယ်ချက် မကောင်းပါက ယင်းကို အစပြုကာ နောက်ပိုင်းတွင် တင်းကျပ်သည့် နည်းဥပဒေများ ပေါ်ပေါက်လာနိုင်သေးကြောင်း ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုသည်။
ပစ္စုပ္ပန် ကမ္မဝါဒ မိုးပြာဂိုဏ်း အဖွဲ့ဝင်ဖြစ်သူ ဦးကျော်ကျော်ထွန်းက အစိုးရသည် လူထုအပေါ် ကန့်သတ်မှုများ ပြုလုပ်နေသည်ဟု ထင်ကြောင်း၊ မည်သည့် ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟု ယူဆကြောင်း ပြောသည်။
“သက်သက်မဲ့ အလုပ်မရှိ၊ အလုပ်ရှာ လုပ်နေသလို ဖြစ်နေတယ်၊ ဘာသာရေးဆိုတာ ဘယ်သူမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိနေတာပဲ။ လူတွေအပေါ် ကန့်သတ်ချုပ်ချယ်နေသလို ဖြစ်နေပြီ” ဟု ၎င်းက သုံးသပ်သည်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တားမြစ်ချက်၊ ပြစ်ဒဏ်အပါအဝင် အခန်း ၆ ခန်းနှင့် ပုဒ်မ ၂၇ ခု ပါဝင်သည်။ ဥပဒေကြမ်းပါ အချက်အလက်များအရ မည်သူမျှ မည်သည့်ဘာသာ သာသနာကိုမဆို စော်ကားရန်၊ အကြည်ညိုပျက်စေရန် သို့မဟုတ် အလွဲသုံးစားပြုရန် အကြံဖြင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း မပြုရ၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် အနိုင်အထက်ပြုခြင်း မပြုရ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းကို ဟန့်တားခြင်း၊ ပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းမပြုရဟု တားမြစ်ထားသည်။
ယင်းအချက်အလက်များကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်ဒဏ်အလိုက် ထောင်ဒဏ် ခြောက်လ မှ ၂ နှစ်၊ ငွေဒဏ် ကျပ် ၅ သောင်းမှ ၂ သိန်းအထိ လည်းကောင်း ချမှတ်မည်ဖြစ်ပြီး ထပ်မံကျူးလွန်သော ပြစ်မှုအတွက်လည်း အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခြင်းခံရမည်ဟု ဖော်ပြထားသည်။
“လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးတယ်ဆိုကတည်းက ဘာမှ ပြောစရာအကြောင်း မရှိဘူး။ ဒီဥပဒေကို ထွက်လာဖို့ကို မလိုတာ။ ဘာသာကူးပြောင်းခြင်းဆိုတာ လူတယောက်ရဲ့ လွတ်လပ်ခွင့်ပဲ။ ကျနော်တို့ဘက်ကတော့ ဒီဥပဒေအပေါ် သိပ်လက်ခံချင်တဲ့ စိတ်တော့မရှိဘူး။ ဥပဒေပေါ်လာလို့လည်း ငြိမ်းချမ်းပြီး အေးချမ်းသွားမှာ မဟုတ်ဘူး၊ ကိုးကွယ်ရာ ဘာသာတွေက ရှိပြီးပြီ။ အဲဒီအပေါ်မှာ ကန့်ကွက်နေ၊ ရှုတ်ချနေတယ်ဆိုရင်တော့ တိုင်းပြည်က ဘယ်လိုမှ အေးချမ်းလာစရာ မရှိဘူး” ဟု မန္တလေးမြို့၊ ခရစ်ယာန်အသင်းတော်များကောင်စီမှ သိက္ခာတော်ရ ဆရာတော် ဦးဇော်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု အစိုးရအဖွဲ့က ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း အပါအဝင် တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကိုလည်း လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
“အင်အားများသူတွေက အာဏာတည်တံ့ရေးနဲ့ အကျိုးစီးပွားအတွက် လုပ်နေတယ်လို့ သုံးသပ်တယ်၊ လူမျိုးရေး ဘာသာရေးအပေါ်မှာ အသုံးချတာ လုံးဝလက်မခံဘူး။ ဘာသာခြားတွေ အပေါ်မှာတော့ စိတ်အနှောက်အယှက် ဖြစ်စရာတွေချည်းပဲလေ။ ပစ်မှတ်ထားပြီး လုပ်နေတယ်ဆိုတာ အများစုက သိကြပါတယ်။ ဘာသာအချင်းချင်း၊ လူမျိုးအချင်းချင်းကြားမှာ နားလည်ယုံကြည်မှု တည်ဆောက်ရမယ့်အချိန်မှာ နားလည်မှုလွဲမယ့်ကိစ္စတွေ လုံးဝမဖြစ်သင့်ဘူး” ဟု ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက်မှ မူဝါဒရေးရာ အကြံပေး ဦးထွန်းကြည် (နိုင်ငံရေး အကျဉ်းသားဟောင်း) က ပြောဆိုသည်။
ရှေ့နေ ဦးအေးပိုင်ကမူ “ဒီ ဥပဒေကြမ်း ထွက်လာတာကို မူအားဖြင့်တော့ သဘောတူပါတယ်။ ဒါက ဘာသာတခုနဲ့တခု အကြားမှာ ပြဿနာ မတက်အောင် စည်းကမ်း သတ်မှတ်လိုက်တဲ့သဘော ဖြစ်တယ်။ ဥပဒေကြောင်းအရတော့ အရေးယူမှုအပိုင်းနဲ့ ဘာသာကူးပြောင်းမှုမှာ သက်သေခံလက်မှတ် ထုတ်ပေးတဲ့အပိုင်းမှာ အားနည်းနေသေးတာတွေက ပြင်ရမယ့်အချက်တွေ ဖြစ်ပေမယ့် ဒီဥပဒေက တကယ် လိုအပ်ပါတယ်” ဟု သုံးသပ်သည်။
ယမန်နှစ်က မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကျောင်းမှ ဆရာတော် ဦးဝီရသူက “မျိုးစောင့်ဥပဒေ” ဟု ခေါ်သည့် ထိမ်းမြား လက်ထပ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဖြန့်ဝေခဲ့စဉ်ကလည်း လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများနှင့် အဖွဲ့အစည်း အများအပြား၏ ကန့်ကွက်မှု၊ ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သေးသည်။