ပစိဖိတ်ဒေသရှိ အမေရိကန်တပ်များ၏ အကြီးအကဲ ဖြစ်လာရန် အဆိုပြုရွေးချယ်ခံထားရသူ ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ် ဂျူနီယာ (Harry Harris Jr) က အမေရိကန်စစ်တပ်အနေဖြင့် စစ်တပ်ကြီးစိုးမှု ရှိနေသော မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု ပြုလုပ်ရန် အချိန်မကျသေးဟု ထုတ်ဖော်ပြောဆိုကြောင်း အေပီသတင်းတပုဒ်တွင် ရေးသားထားသည်။
အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ် ဂျူနီယာက အမေရိကန်အထက်လွှတ်တော်၏ ရာထူးခန့်ထားရေးဆိုင်ရာ ကြားနာမှု အတွင်း အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါပြောဆိုချက်သည် မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေး ဦးစားပေး ဆောင်ရွက်နေသော အမေရိကန်အစိုးရ၏မူဝါဒနှင့် သိသိသာသာ ကွဲပြားခြားနေသည်။
စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီအဖြစ် ပြုပြင်ပြောင်းလဲနေသော မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အမေရိကန် အစိုးရ၏ အလွန်အောင်မြင်သော နိုင်ငံခြားရေးမူဝါဒအဖြစ် သမ္မတ အိုဘားမားက ပြောဆိုနေချိန်တွင် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့ထားပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ စစ်အစိုးရစိတ်ကြိုက်ရေးဆွဲခဲ့သော အခြေခံဥပဒေကို ပြုပြင်ပြောင်း လဲနိုင်ခြင်းမရှိသေးပေ။
နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားက မြန်မာ့ပြုပြင်ပြောင်းလဲ ရေးသည် နှေးကွေးနေသည် (သို့မဟုတ်) နောက်ကြောင်းပြန်လှည့်နေသည်ဟု ဝန်ခံ မှတ်ချက်ပြုခဲ့သည်။ အမေရိကန် အစိုးရ က မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံခြင်းသည် မြန်မာစစ်တပ်အရာရှိများကို အရပ်ဘက် စည်းမျဉ်း စည်းကမ်း များ လိုက်နာ လက်ခံရန် တွန်းအားတရပ်အဖြစ် ကာကွယ်ပြောဆိုလေ့ရှိသည်။ လတ်တလော နှစ်ဖက်တပ်မတော်အကြား ဆက်ဆံ ရေးသည် လူ့အခွင့်အရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုသော ခေါင်းစဉ်ထက် အနည်း ငယ် ကျော်လွန်မှုရှိသော်လည်း နှစ်ဖက်ဆက်ဆံရေးတွင် အကန့်အသတ်များရှိနေကြောင်း သိရှိရသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ပွဲများ ဆင်နွှဲနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေဆဲဖြစ်သည်ဟု စွပ်စွဲ ခံထားရသော မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံမှုသည် မြန်မာစစ်တပ်ကို ဂုဏ်သိက္ခာရှိသော စစ်တပ်တခုအဖြစ် ဘက်လိုက် မျက်နှာသာပေး အသိအမှတ်ပြုရာရောက်မည်ကို အမေရိကန် လွှတ်တော်အမတ်များ စိုးရိမ်လျက်ရှိသည်။
ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ် ဂျူနီယာ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်မှုတချို့ ရှိနေသည်ဟု ပြောဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ်၏ ထိတွေ့ဆက်ဆံရေးဆိုင်ရာ ချည်းကပ်မှုကို ထောက်ခံကြောင်း ပြောဆိုသည်။
ဒဲရစ်မစ်ချယ်သည် အမေရိကန်က မြန်မာနှင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်တိုးမြှင့်ထားခဲ့သည့် ၂၀၁၂ ခုနှစ် က တည်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ယူနေသူလည်းဖြစ်ပြီး တချိန်က ကာကွယ်ရေး ဝန်ကြီး ဌာန အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
“အခွင့်အရေးကို ရှာရင်း သူ့ရဲ့ သတိထားမှုနဲ့ ညင်သာတဲ့ တလှမ်းချင်းချည်းကပ်မှုတွေက ဒီမိုကရေစီ အမြစ်တွယ်စေရေး အထောက် အကူဖြစ်စေလိမ့်မယ်” ဟု ဒဲရစ်မစ်ချဲလ်ကို ရည်ညွှန်း၍ သူက ပြောဆိုသည်။
လက်ရှိ ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ် ဂျူနီယာ ကို ပစိဖိတ်ဒေသ အမေရိကန်တပ်များ၏ အကြီးအကဲအဖြစ် အထက် လွှတ်တော်က အတည်ပြုခဲ့ ပါက အမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်း ရေပိုင် နက်မှသည် အိန္ဒိယ အနောက် ဘက်နယ်စပ် ရေပိုင်နက်ထိ တာဝန်ယူရသော ပစိဖိတ်ဒေသ အမေရိကန်တပ်များ၏ အကြီးအကဲ တာဝန်ကို ထမ်းဆောင် ရမည်ဖြစ်သည်။