နော်ဝေဘုရင် ဟာရိုးနှင့် မိဖုရား ဆွန်ညာတို့ မန္တလေးသို့ ရောက်မလာမီ ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်းရဲသား ရပ်ကွက်တခုကို အဓမ္မရွှေ့ပြောင်းပစ်ခဲ့သည့်ကြောင်း သိရှိရပြီးနောက် “ဝမ်းနည်းပါကြောင်း” နော်ဝေဘုရင် ဟာရိုးက ပြောဆိုခဲ့သည်။
“ဒီကိစ္စဟာ ဝမ်းနည်းစရာပါ။ ဒီလိုလုပ်ဖို့ ကျနော်တို့ လုံးလုံး မတောင်းဆိုခဲ့ဘူး” ဟု ဘုရင်ဟာရိုးက ပြောကြောင်း နော်ဝေအသံလွှင့်ဌာန NRK က သတင်းပေးပို့ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလွန် အံ့အားသင့်မိပြီး စိတ်ပျက်ဝမ်းနည်းရကြောင်း ပြောဆိုသည်။
နော်ဝေ နိုင်ငံရေးအသိုင်းအဝိုင်းက မြန်မာတာဝန်ရှိသူများအနေဖြင့် တိုင်းပြည်၏ ဆင်းရဲ မွဲတေမှုကို ဖုံးကွယ်ရန်အတွက် လူများကို နေရာရွှေ့ပြောင်းရန် ကြိုးစားလိမ့်မည်ဟု မထင်ခဲ့ကြောင်း ဝေဖန်လိုက်သည်။
“ဒါက မျှော်လင့်မထားခဲ့တဲ့ အလွန်ကြီးမားတဲ့ နားလည်မှု လွဲမှားခြင်းပါ” ဟု နော်ဝေလွှတ်တော်မှ နိုင်ငံခြားရေး နှင့် ကာကွယ်ရေး ကော်မတီဝင် Øyvind Halleraker က နော်ဝေအသံလွှင့်ဌာန (NRK) သို့ ပြောသည်။ “မြန်မာနိုင်ငံက ဆင်း ရဲတဲ့ နိုင်ငံတခုပါ။ ဒီဆင်းရဲမွဲတေမှုကိုလည်း နော်ဝေနိုင်ငံက ဖြေရှင်းစေချင်ပါတယ်” ဟု သူက ဆိုသည်။
နော်ဝေ ကွန်ဆာဗေးတစ်ပါတီဝင် Øyvind Halleraker က “မြန်မာနိုင်ငံဟာ ကျနော်တို့နိုင်ငံမှာ ပွင့်လင်း မြင်သာမှုဆီကို သွားခဲ့တုန်းကနဲ့ မတူ အယူအဆ လုံးလုံးကို ခြားနားနေတယ်ဆိုတာ ထင်ရှားပါတယ်။ တော်ဝင်ဇနီးမောင်နှံ အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို မမြင်တွေ့ရတာဟာ ဝမ်းနည်းစရာ ဖြစ်ပါတယ်” ဟုလည်း သူကပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများမှာလည်း စိတ်ပျက်ခဲ့ရသည်။ “ဆင်းရဲမွဲနေမှုဆိုတာ ဖုံးကွယ်နိုင်တဲ့အရာ မဟုတ် ပါဘူး။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ နော်ဝေနိုင်ငံက မြန်မာနိုင်ငံ နဲ့ ထိတွေ့ဆက်ဆံခဲ့တာ ဖြစ်ပါတယ်” ဟု နော်ဝေနိုင်ငံခြားရေးဌာန၏ ဆက်သွယ်ရေးဆိုင်ရာ အကြီးအကဲ Frode Andersen က NRK သို့ ပြောသည်။
နော်ဝေဘုရင်နှင့် မိဖုရားတို့သည် တရားဝင်အလည်အပတ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ယခုအပတ်အတွင်းတွင် ရောက်ရှိ ခဲ့သည်။ ခရီးစဉ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးသို့ သင်္ဘောစီး၍ သွားရောက်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဒီဇင် ဘာလ ၃ ရက်နေ့ ဘုရင်ဟာရိုးက မန္တလေးသို့ သင်္ဘောသွားနေသည့် အချိန်တွင် မြန်မာနိုင်ငံကို သူတို့ ၂ ယောက်လုံး ကြည့်ချင်ကြောင်း NRK၏ ညပိုင်းရေဒီယို ထုတ်လွှင့်မှု အစီအစဉ်သို့ ပြောကြားခဲ့သည်။
သင်္ဘော ကမ်းကပ်မည့် ဂေါဝိန်ဆိပ်အနီးတွင် မြေတူးစက်များဖြင့် လောလောလတ်လတ် ရှင်းလင်းခဲ့သည့်နေရာတွင် အိုးအိမ်မဲ့ ဆင်းရဲသားမိသားစုများ နေထိုင်ခဲ့ကြသည်။ ဒေသဆိုင်ရာ အာဏာပိုင်များက ထိုနေရာတဝိုက် တွင် နေထိုင်သည့် ဆင်းရဲသား မိသားစုများကို သူတို့၏ ယာယီနေအိမ်များကို ဖျက်ဆီးပြီး ထွက်ခွာသွားကြရန် ညွှန်ကြား ခဲ့ကြောင်း ဧရာဝတီက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ဖော်ရေးသားခဲ့သည်။
သူတို့ကို ဖယ်ရှားပြီးသည့်နောက် ဒေသဆိုင်ရာအာဏာပိုင်များက ထိုနေရာကို မြေတူးစက်နှင့် ထိုးပြီး မြစ်ကမ်းဘေးမှ ကျယ်ဝန်းပြန့်ပြူးသည့် နေရာအဖြစ်ပြောင်းလဲလိုက်သည်။ ပန်းပင်များလည်း စိုက်ပျိုးလိုက်ပြီး ဆိပ်ကမ်းတွင် နော်ဝေ နိုင်ငံ အလံနှင့် မြန်မာနိုင်ငံ အလံများသာမက ဆိုင်းပုဒ်ကြီးတခုကိုလည်း စိုက်ထူလိုက်သည်။
နော်ဝေ တာဝန်ရှိသူများမှာ ထိုသတင်းကြောင့် အံ့အားသင့်ပြီး စိတ်ပျက်ခဲ့ရသည်။ Frode Andersen က နိုင်ငံခြားရေးဝန် ကြီးဌာနမှ အရာရှိများသည် ဘုရင်၏ ခရီးစဉ်အတွက် မြန်မာအရာရှိများနှင့် အတူ စနစ်တကျ စီစဉ်ခဲ့ကြပြီး သဘောတူ ညှိနှိုင်းထားသည့်အတိုင်း ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြပါသည်။ အိုးအိမ်မဲ့ ဆင်းရဲသားမိသားစုများ နေရာရွှေ့ပြောင်းခြင်းကို နော်ဝေ အရာရှိများ သတိမထားမိခဲ့ကြပါ။ “ကျနော်တို့ နားမလည်နိုင်ပါဘူး။ ဒီလိုလည်း မဖြစ်သင့်ပါဘူး” ဟု Frode Andersen က NRK သို့ပြောသည်။
Frode Andersen က နော်ဝေ သံတမန်များအနေဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့ ဘုရင်နှင့် မိဖုရား ဆိုက်ကပ်ရန်နေရာကို မမြင်ဖူးခဲ့ကြသလို ကွန်ကရစ် သင်္ဘောဆိပ်ဖြစ်ရန်လည်း သဘောတူညီချက် မထားရှိခဲ့ကြောင်းနှင့် မန္တလေးသို့ ရောက်ရှိချိန်တွင် အခြားနေရာတခုတွင် တော်ရုံသင့်ရုံသာ စီစဉ်ရန် သဘောတူထားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။ နော်ဝေတာဝန်ရှိသူများက မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကို သိရှိနိုင်ရန် မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်နေ့သည် ဟုလည်းဆိုသည်။
သင်္ဘောဆိုက်ကပ်မည့် အစီအစဉ်ပြောင်းလဲခြင်းနှင့် မြစ်ကမ်းဘေးရှိ ဆင်းရဲသားတို့၏နေအိမ်များကို အတင်းရွှေ့ ပြောင်း လိုက်သည့် အကြောင်းကို မြန်မာဘက်မှ နော်ဝေဘုရင်နှင့် မိဖုရားသို့ ပြောပြခဲ့ခြင်းလည်း မရှိဟုလည်းဆိုသည်။
ဖယ်ရှားပစ်ခဲ့ခြင်းအတွက် လျော်ကြေး ပေးသင့်ကြောင်းနှင့် နော်ဝေတာဝန်ရှိသူများဘက်မှ ၎င်းအချက်ကို သေချာအောင်ပြုလုပ်ရန် နော်ဝေနိုင်ငံတွင် တောင်းဆိုမှုများ ထွက်ပေါ်နေသည်။
Rafto Foundation မှ Iver Ørstavik က “တော်ဝင်နန်းတော်နဲ့ နော်ဝေ အစိုးရ တာဝန် ရှိသူတွေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးသင့်ပါတယ်” ဟု NRK သို့ ပြောသည်။ Rafto Foundation သည် ဒေါ်အောင်ဆန်းစုကြည်ကို Rafto ဆု ချီးမြှင့်ခဲ့ပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက်လည်း အမည်စာရင်းတင်သွင်းပေးခဲ့သည်။ မြန်မာနိုင်ငံကို နိုင်ငံတကာက သတိထားမိအောင် မီးမောင်းထိုးပြပေးခဲ့သည်။
အဆိုပါ ရွှေ့ပြောင်းမှုသည် VIP များလာသောအခါ ” သာမာန် လုပ်ရိုးလုပ်စဉ်” သာ ဖြစ်သည်ဟု မန္တလေးစည်ပင်က ဦးသက်နိုင်ထွန်းက ဧရာဝတီသို့ ပြောကြားပြီး နိုဝင်ဘာလကတည်းက သတိပေးထားကြောင်းနှင့် VIP များပြန်လျှင် မောင်းထုတ်ခံရသူများ ပြန်လာနေ၍ ရကြောင်း ဆိုသည်။
ရွှေ့ပြောင်းခံရသူ အများစုမှာ မန္တလေးမှ ဆိပ်ကမ်းတွင် အလုပ်လုပ်နေကြသူများဖြစ်ပြီး ယခုအချိန်တွင် ဆိပ်ကမ်းတဝိုက်မှ သဲသောင်ပြင်များပေါ်တွင် အိပ်စက်နေကြရသည်။