ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန် ကျေးရွာတွင် ဖြစ်ပွားသည့် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုသည် ၂ နှစ် ကျော် ကြာအထိ တရားခံ မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၁၂ ခုနစ် စက်တင်ဘာ ၁၃ ရက်က ဆွတ်ငိုင်ယန်ကျေးရွာသို့ တပ်မတော်စစ်ကြောင်း ရောက်ရှိလာပြီး ကျေးရွာ နှင့် အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် ကျောင်းပြန်လာသည့် မဂျာဆိုင်းအိန်နှင့် သူငယ်ချင်းများသည် နေ အိမ် တခုတွင် ပုန်းခိုနေခဲ့ရာ မဂျာဆိုင်းအိန် တဦးတည်း ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဘရန်ရှောင် က ဧရာဝတီ သို့ ပြောသည်။
မဂျာဆိုင်းအိန် သေဆုံးမှုနှင့် ပတ်သက်ပြီး ဖခင် ဦးဘရန်ရှောင်က နိုင်ငံတော် သမ္မတနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ အမှုကို စစ်ဆေးရန် တင်ပြသော်လည်း လာရောက် စစ်ဆေးခြင်းမရှိကြောင်း၊ တပ်မတော် အတွင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့က စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး မဂျာဆိုင်းအိန် သေဆုံးမှုသည် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က ဖောက်ခွဲသည့် မိုင်းစထိမှန် ဒဏ်ရာရရှိပြီး သေ ဆုံးခြင်းဖြစ်သည်ဟု ခုံရုံး အဖွဲ့က ထင်မြင်ချက် ပေးခဲ့ကြောင်းလည်း ဦးဘရန်ရှောင်က ပြောပြသည်။
“ကျနော့်ကို အမှတ် ၃၈၉ ခြေမြန်တပ်ရင်း ဗိုလ်မှူး ဇာနည်မင်းပိုက်က ဖားကန့်ကို မမှန်မကန် တိုင်တန်းတယ်ဆိုပြီး ပုဒ်မ ၂၁၁ နဲ့ ၂၀၁၃ စက်တင်ဘာ ၉ ရက်နေ့မှာ စွဲချက်တင်ခဲ့တယ်။ ဒါပေမယ့် ဗိုလ်မှူး ဇာနည်မင်းပိုက်က တခါမှ ရုံးတော်ကို မလာပါဘူး”ဟု ၎င်းက ပြောဆိုသည်။
မဂျာဆိုင်းအိန် သေဆုံးမှုကို တရားမျှတ ဆောင်ရွက်ရန်နှင့် ဖြစ်ရပ်မှန်ဖော်ထုတ်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့၍ စစ်ဆေးရေး ဝင်ပေးရန် တောင်းခံထားကြောင်း၊ ထို့အပြင် ဦးဘရန်ရှောင်ကို တရားစွဲဆိုပြီးနောက်ပိုင်း တနှစ်ကျော်အထိ ရုံးချိန်း ၄၇ ကြိမ်အထိ တရားလို ဗိုလ်မှူးသည် တကြိမ်မျှ မလာရောက်ခဲ့ကြောင်း သိရသည်။
ဦးဘရန်ရှောင်က“ကျနော်တို့ မိသားစုရော ကျန်ပြည်သူတွေအတွက်ရော လုံခြုံမှု မရှိဘူး။ ကျနော့်သမီးကိုလည်း ပစ်သတ်တယ်။ ပြီး တော ဖခင်ဖြစ် တဲ့ ကျနော့်ကိုလည်း မမှန်မကန်လိမ်ညာ တိုင်တန်းတယ် ဆိုပြီး တရားစွဲဆိုတယ်။ အဲ့ဒါလည်း ကျနော်တရားရုံးမှာ ရင်ဆိုင်ပါတယ်။ ကလေးငယ်က အစ ပြည်သူတွေ အားလုံး ဥပဒေမဲ့ အလုပ်ခံနေရပါတယ်”ဟု ရှင်းပြသည်။
မဂျာဆိုင်းအိန် သေဆုံးခြင်း ဖြစ်ရပ်မှန် ဖော်ထုတ်ရေး ကော်မတီကလည်း အခင်းဖြစ်ပွားစဉ်တွင် အတူရှိသည့် သူငယ်ချင်းများ၊ ကျောင်းမှ ဆရာမများ နှင့် မျက်မြင် သက်သေများကို မေးမြန်း၍ စာအုပ်ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် သမ္မတ ကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ဖြစ်ရပ်မှန် ပေါ်ပေါက်ရန်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း ဦးဘရန်ရှောင် အမှုကို လိုက်လံ ကူညီပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးခွန်နောင်က ဧရာဝတီသို့ ပြော သည်။
“ဒီအမှုက သမီးလည်းသေ အဖေကိုလည်း တရားစွဲထားတယ်။ အရမ်း နစ်နာနေတယ်။ ဦးဘရန်ရှောင်က သူ့သမီး သေနတ်နဲ့ပစ်ခံရပြီး သေတဲ့ကိစ္စကို လူ့အခွင့်အရေး ကော်မရှင်ကို စစ်ဆေးဖို့ တင်ပြတယ်။ နိုင်ငံတော်သမ္မတနဲ့ လူ့အခွင့်အရေး ကော်မရှင်က စုံစမ်း စစ်ဆေးတာ ဘာမှမလုပ်ဘဲနဲ့ တပ်က သူတို့ကို မဟုတ်မမှန် စွပ်စွဲပါတယ်လို့ တရားပြန်စွဲထားတယ်”ဟု ၎င်းက ပြောဆိုသည်။
အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့် မဂျာဆိုင်းအိန်သည် အဝေးထိန်းခလုတ်မိုင်းကြောင့် သေဆုံးသည်ဟု တပ်မတော်က ပြောကြားခဲ့သော်လည်း ဦးဘရန်ရှောင်က မိုင်းဖြင့် သေဆုံးခြင်းမဖြစ်နိုင်ကြောင်း ငြင်းဆိုသည်။
“မိုင်းစ ထိမှန်တယ်ဆိုရင် မျက်နှာနဲ့ ရင်ဘတ်မှာ ပါထိရမှာ။ ပြီးတော့ ကျန်တဲ့သူတွေကိုလည်း ထိရမှာပေါ့။ အခုက သမီးရဲ့တင်ပါးကို ထိတယ်။ ပြီးတော့ သမီးနဲ့အတူ ပုန်းနေတဲ့ ကလေးတယောက်ကလည်း ဘယ်သူသေနတ်နဲ့ ပစ်တယ်ဆိုတာ သိပါတယ်။ တပ်က ပစ် တယ်ဆိုတာ ကျနော်သေသေချာချာ ပြောရဲပါတယ်”ဟုလည်း ဦးဘရန်ရှောင်က ပြောသည်။
အစိုးရအနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့်လည်းကောင်း အရေးယူဆောင်ရွက်မှုမရှိသည့်အပြင် ဦးဘရန်ရှောင်အား ကော်မရှင် သို့ မမှန်မကန် လိမ်လည်တိုင်တန်းမှုဖြင့် တရားစွဲဆိုထားပြီး ထောင်ဒဏ် ၂နှစ်အထိ ကျခံနိုင်ကြောင်းလည်း မဂျာဆိုင်းအိန် သေးဆုံးမှု ဖြစ်ရပ်မှန်ဖော်ထုတ်ရေး ကော်မတီမှ ရှေ့နေ ဦးခွန်နောင်က ထပ်မံပြောဆိုသည်။
၂၀၁၁ ခုနစ် အောက်တိုဘာ ၂၈ ရက်ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ခိုင်ဘန် ကျေးရွာ တောထဲ၌ တောင်ယာ ခုတ်နေ သည့် အသက် ၂၈ နှစ်အရွယ် ဆွမ်လွတ်ရွယ်ဂျာနှင့် ခင်ပွန်း၊ ယောက္ခမ သုံးဦးတို့ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် အဆက်အသွယ် ရှိသည်ဟုစွပ်စွဲပြီး အစိုးရ ခြေလျင်တပ်ရင်း အမှတ် ၃၂၁ မှ တပ်သားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင်ရာ၌ ခင်ပွန်းနှင့် ယောက္ခမက ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ဆွမ်လွတ်ရွယ်ဂျာ ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့သည်။
၂၀၁၁ ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း ၇၀ ကျော်ကို အစိုးရ စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုျားပြုလုပ်ခဲ့ကြောင်း၊ အနည်းဆုံး လူ ၂၀ ခန့်သတ်ဖြတ်ခံခဲ့ရကြောင်းလည်း ၂၀၁၄ အောက်တိုဘာလက လူမှုအဖွဲ့အစည်း ၁၂၀ကျော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။