အကျဉ်းထောင်များ အတွင်းရှိနေသည့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးလုပ်ငန်းစဉ်များ ပြုလုပ်ရန်အတွက် အစိုးရက ပူးပေါင်း ပါဝင် မှု နှောင့်နှေး၍ လုပ်ငန်းများ ရပ်တံ့ထားရကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ပြောသည်။
လက်ရှိ အကျဉ်းထောင်များ အတွင်း ရှိနေသည့် နိုင်ငံရေး အကျဉ်းသား ၇၀ ခန့်တွင် ထပ်မံ ဖမ်းဆီးခံထားရသူ ၄၀ ခန့် ပါဝင်ကြောင်း လည်း သိရသည်။
လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ၏ အဖွဲ့ဝင် တဦးဖြစ်သူ ဦးရဲအောင်က “ကျနော်တို့ဘက်က လုပ်ရမယ့် စာရင်း တွေက အမြဲလုပ်နေတယ်၊ အစိုးရဘက်က လူကြီးတွေက အစည်းအဝေး မခေါ်ဘူး၊ သူတို့ခေါ်မှ ကျနော်တို့လည်း သွားလို့ရမှာ။ အစည်းအဝေးလည်း မရှိတော့ အလုပ် အကုန် ရပ်နေတာပေါ့”ဟု ပြောပြသည်။
လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးကို ဇူလိုင်လ အတွင်းက နောက်ဆုံး ပြုလုပ်ခဲ့ပြီးနောက် ထပ်မံ ခေါ်ယူခြင်း မရှိကြောင်း၊ ကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ချက် ရပြီးမှသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အဆိုပါ ကော်မတီကို ဒီမိုကရေစီသို့ အသွင်ကူးပြောင်း နေချိန်တွင် အပြောင်းအလဲ ဆောင်ရွက်မှုအနေဖြင့် နိုင်ငံရေး ပြစ်မှုဖြင့် ဖမ်း ဆီး ခံထားသူများ၊ နိုင်ငံရေးအရ ဖမ်းဆီး အကျဉ်းချထားသူများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ရည်ရွယ်၍ အစိုးရ၏ ပံ့ပိုးမှုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကို သမ္မတက ၂၀၁၃ ခုနှစ် မေလတွင် အစိုးရအဖွဲ့ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်း အဖွဲ့မှ ကိုယ်စားလှယ်များနျင့် ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်ဟု ဦးရဲအောင်က ပြောသည်။
ထိုကော်မတီက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း စိစစ်ပေးပြီး ဖြစ်သော နိုင်ငံရေး အကျဉ်းသား ၂၇ ဦးသည် လွတ်ငြိမ်းချမ်းသာခွင့် မရရှိဘဲ အကျဉ်းထောင် အတွင်း ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
စိစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် မရရှိခဲ့သည့် အကျဉ်းသား ၂၇ ဦးသည် နိုင်ငံရေး ပုဒ်မများအပြင် အခြား ရာဇဝတ်မှုများ၏ ပြစ်ဒဏ်ကို ခံနေရခြင်း ဖြစ်သဖြင့် လွတ်ငြိမ်းချမ်းသာခွင့် မရရှိကြောင်း၊ ထို့အပြင် တပ်ပိုင်းဆိုင်ရာ ရာဇဝတ်မှုနှင့် ငြိစွန်းနေသူများ ဖြစ်ကြောင်း၊ အကျဉ်းဦးစီး ဌာန ကလည်း စစ်ဆေးထားကြောင်း ကော်မတီ အဖွဲ့ဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောဆိုထားသည်။
ဦးရဲအောင်က“နိုင်ငံရေးသမားတွေ အားလုံးကို နိုင်ငံရေးပုဒ်မနဲ့ တရားစီရင်ခဲ့တာ မဟုတ်ဘူး၊ အကုန်လုံးကို မျှတတဲ့ တရားစီရင် ရေး နဲ့ စီရင်ခဲ့တာ မဟုတ်ဘဲ အကုန်လုံးကို ရာဇဝတ်မှုတွေနဲ့ တွဲထားခဲ့တဲ့ အတွက် အခုလို ဖြစ်နေရတာပါ”ဟု ပြောသည်။
ယခုနှစ်အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ အပါအဝင် နိုင်ငံရေး ပြစ်မှုနှင့် တရားစွဲဆို ခံရသူများ၊ နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ထားသူ ၄၀ ခန့် ထပ်မံ၍ အကျဉ်းကျ ခံနေရကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နှင့် ဖမ်းဆီးခံရသူများ၊ လယ်သိမ်းယာသိမ်း ကိစ္စရပ်များနှင့် ဆက်စပ်၍ ဖမ်းဆီးခံရသည့် လယ်သမားများလည်း ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ပြောသည်။
နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်၊ နိုင်ငံရေးအကျဉ်းသား စိစစ်ရာတွင် ၂၀၁၃ ခုနှစ်အတွင်း အကျဉ်း ကျသူများနှင့် ၂၀၁၃ ခုနှစ် အရှေ့ပိုင်း အကျဉ်းကျသူများ စိစစ်ခြင်းတို့ကို လုပ်ဆောင်ရန် သမ္မတ သတ်မှတ် ပေးထားကြောင်း သိရ သည်။
ကော်မတီမှ စိစစ်ပြီးသူများ လွတ်မြောက်ရန် ကျန်ရှိနေခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ထပ်မံ ဖမ်းဆီးခံနေရခြင်းတို့ကို ဆက်လက် ဆောင်ရွက်ရန်၊ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ထပ်မံတင်ပြနိုင်ရန် အတွက် ကော်မတီအသစ် တရပ် ပြန်လည် ဖွဲ့စည်းရန် စီစဉ် ထား ကြောင်းလည်း ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်က ဧရာဝတီကို ပြောသည်။
၂၀၁၃ ခုနှစ်အတွင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ၏ စိစစ်မှုဖြင့် နိုင်ငံရေး အကျဉ်းသား ၄၂၀ လွတ်ငြိမ်းချမ်း သာခွင့် ရရှိခဲ့သည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် အာဏာရှင်စနစ်ကို နည်းလမ်းမျိုးစုံ ဆန့်ကျင် ဆောင် ရွက်နေရင်း ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူများကို ခေါ်သည်ဟု ဆိုသည်။
ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး အမှန်တကယ် နစ်နာဆုံးရှုံးမှုများ၊ တန်း တူညီမျှရေး နှင့် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ စာရွက်စာတမ်းများ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ အသင်းဖွဲ့စည်းခြင်းများကြောင့် ဖမ်းဆီးခံရပါက နိုင်ငံရေး အကျဉ်းသား ဖြစ်သည် ဟု နိုင်ငံရေးအင်အားစုများ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့များက အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ထားသည်။