အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြန်ကြားရေး တာဝန်ခံ အဖွဲ့ဝင်ဟောင်း စာရေးဆရာ ထင်လင်းဦးအား သာသနာ ညှိုးနွမ်း စေမှုဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် အာမခံ လျှောက်လွှာကို ချောင်းဦးမြို့နယ် တရားရုံးက ပယ်ချပြီး ၎င်းအား မုံရွာ အကျဉ်း ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
စာရေးဆရာ ထင်လင်းဦးအား မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီဌာနမှ ဦးစီးအရာရှိက တရားလို ပြုလုပ်၍ သာ သနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၈နှင့် ပုဒ်မ ၂၉၅ (က) တို့ဖြင့် ဒီဇင်ဘာ ၄ ရက်က တရားစွဲဆိုခဲ့သော အမှုအား ယနေ့ ချောင်းဦးမြို့နယ် တရားရုံးတွင် ပထမဆုံး အကြိမ် ကြားနာခဲ့ရာ၌ ထိုသို့ ပယ်ချလိုက်ခြင်း ဖြစ်သည်။
အဆိုပါ အမှုအတွက် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး(မဘသ) အဖွဲ့ချုပ်မှ သက်သေအဖြစ် စေလွှတ်လိုက် သော ဦးအောင်မြိုင်က “တရားသူကြီးက စွဲချက်အရ ငြိစွန်းနေတာ ခိုင်လုံတယ်။ အာမခံ လုပ်မလား၊ မလုပ်ဘူးလားလို့ ဦးထင်လင်း ဦး ကို မေးတော့ သူနဲ့ပါလာသူတချို့က အာမခံတင်ဖို့ လုပ်ကြတယ်။ သူတို့တင်တဲ့ အာမခံ လျှောက်လွှာကို တရားသူကြီးက ဖတ်ပြပြီးမှ ဥပဒေ အရာရှိက ပုဒ်မ ၂၉၈ အနေနဲ့က အာမခံပေးလို့ ရပေမယ့်၊ ပုဒ်မ ၂၉၈(က) အရ အာမခံပေးလို့ မရတာလို့ ဆိုလိုက် တော့ တရားသူကြီးက အာမခံကို ပလပ်လိုက်ပြီး တရားရုံး ဆင်းလိုက်တယ်”ဟု ပြောပြသည်။
ဦးထင်လင်းဦးအား မဘသ အဖွဲ့မှ သီးသန့် တရားစွဲဆိုရန်ရှိသည်ဟု အစောပိုင်းက ပြောဆိုထားသော်လည်း ယခုအချိန်အထိ တရား စွဲဆိုထားခြင်း မရှိသေးကြောင်း၊ ချောင်းဦးမြို့နယ် သာသနာရေး အဖွဲ့များ၏ အစီအစဉ်ကို ပူးပေါင်းကူညီနေသည့် အနေ အထား ပင် ရှိနေသေးကြောင်း မဘသ အဖွဲ့ချုပ်၏ အကြံပေး ဥပဒေအရာရှိ တရားလွှတ်တော် ရှေ့နေ ဦးအေးပိုင်က ပြောသည်။
“လောလောဆယ်တော့ ကျနော်တို့ဘက်က ချောင်းဦးဘက်မှာ သူ့ကို တရားစွဲတဲ့ အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ သက်သေအနေနဲ့ ကျနော်တို့ လူကို သက်သေအနေနဲ့ လွှတ်ထားတယ်။ ဦးထင်လင်းဦးရဲ့ ပြောဆိုချက်တွေမှာ တခြားထိခိုက်စရာတွေ အများကြီး ရှိနေတာတွေကိုလည်း မဘသ အနေနဲ့ သီးသန့် တရားစွဲတာမျိုးတော့ လတ်တလောမှာ မရှိသေးဘူး။ မဆုံးဖြတ် ရသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။
ဦးထင်လင်းဦးသည် အောက်တိုဘာ ၂၃ ရက်က စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာတွင် NLD ပါတီက ကြီး မှူးကျင်းပသော စာပေဟောပြောပွဲတွင် ဗုဒ္ဓဘာသာကိုပြောဆိုဝေဖန်သော ဘာသာရေးဆိုင်ရာ ဟောပြောချက်များကြောင့် လူမှု ကွန်ရက် စာမျက်နှာများ၌ လူအများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
ယင်းသို့ ဟောပြောမှုနှင့် ပတ်သက်ပြီး စာရေးဆရာထင်လင်းဦးက အမျိုးဘာသာ သာသာနာ ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့ချုပ် (မဘသ) တည်ရှိရာ ရန်ကုန်မြို့ အင်းစိန်ရွာမ ပရိယတ္တိကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်များ ရှေ့မှောက်တွင် ဝန်ချ တောင်းပန် ခဲ့ကြောင်း သိရသည်။
NLD ပါတီက စာရေးဆရာ ထင်လင်းဦး၏ ဟောပြောချက်များသည် ပါတီ၏ သဘောထားနှင့် မသက်ဆိုင်ကြောင်း၊ ၎င်း၏ ဟောပြောမှုများကို ပါတီ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က စစ်ဆေးနေပြီး ၎င်းကို စစ်ဆေးနေစဉ်အတွင်း ပါတီ၏ အလံအောက်ရှိ မည်သည့် ဟောပြောပွဲများတွင်မှ ဟောပြောခြင်း မပြုရန် ညွှန်ကြားထားကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ထား သည်။