ပျောက်ဆုံးနေသော အဲအေးရှား လေကြောင်းလိုင်း (Air Asia QZ 8501 – A 300 / 200) လေယာဉ်ပေါ် ပါသွားသူများထဲမှ ရုပ်အလောင်း ၄၀ ကျော်နှင့် လေယာဉ် အစိတ်အပိုင်းများကို အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း၊ ကာလီမန်တန် အနောက်ဘက် ပင်လယ်ပြင်တွင် တွေ့ရှိရပြီဟု အင်ဒိုနီးရှားရေတပ်က အတည်ပြု ကြေညာကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။
“ကျနော်တို့ရေတပ် ရေဒီယို အခြေစိုက် စခန်းကို Bung Tomo စစ်သင်္ဘောဆီကို ပင်လယ်ပြင်မှာ ရုပ်အလောင်း ၄၀ ကျော် တွေ့ထားပြီး အရေအတွက် ပိုများလာနေတယ်ဆိုတဲ့ သတင်း လက်ခံရရှိတယ် ” ဟု အင်ဒိုနီးရှား ရေတပ် ပြောခွင့်ရသူ၏ စကားကို ကိုးကားပြီး Jakarta Globe သတင်းတွင် ဖော်ပြထားသည်။
အဲအေးရှားလေယာဉ် ရှာဖွေရေး လုပ်ဆောင်နေသည့် ပင်လယ်ပြင် တနေရာတွင် လေယာဉ်၏ အရေးပေါ် ထွက်ပေါက် တံခါးတချပ်၊ လေယာဉ်တခါး တခုတို့ကို တွေ့ရကြောင်း၊ အသက်ကယ် ဝတ်စုံများ၊ ခရီးဆောင် အိတ်များလည်း တွေ့ရှိရပြီး ပျောက်ဆုံး အဲအေးရှား လေယာဉ်၏ အစိတ်အပိုင်းများ ဖြစ်မည်ဟု ၉၅ ရာခိုင်နှုန်း ယုံကြည်ရကြောင်း အင်ဒိုနီးရှားနိုင်ငံ လေယာဉ်ရှာဖွေရေး အေဂျင်စီ အကြီးအကဲက ပြောဆိုသည်။
ပင်လယ်ကြမ်းပြင်တွင် ပျောက်ဆုံး အဲအေးရှား ဂျက်လေယာဉ်ဟု ယူဆရသည့် လေယာဉ်ကိုယ်ထည် အရိပ်ကိုလည်း အင်ဒိုနီးရှားလေတပ် လေယာဉ်တစီးက တွေ့ရှိထားသည်ဟု အဆိုပါ သတင်းတွင် ဆက်ဖော်ပြထားသည်။
ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီများက အဆိုးဆုံး အခြေအနေကို ပြင်ဆင်သည့် အနေဖြင့် လူသေအလောင်း သယ်ယူ ထုပ်ပိုးသည့် အိပ်များကိုပါ အဆိုပါ နေရာသို့ ယူဆောင်သွားရန် စီစဉ်နေဟု ဆိုသည်။
ပျောက်ဆုံးအဲအေးရှား လေယာဉ် အပိုင်းအစများ တွေ့ရှိရာ ကာလီမန်တန် အနောက်ဘက်ကမ်း ပင်လယ်ပြင်သို့ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လေယာဉ်၊ သင်္ဘောများကို စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား အရာရှိက ပြောဆိုကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။
နောက်ဆုံး ရရှိသော သတင်းများအရ လေယာဉ်အပျက်အစီး အပိုင်းအစများသည် ဖန်ကလန်ဘန်းကျွန်း၊ ကာလီမန်တန် အနောက်ဘက်ကမ်း ပင်လယ်ပြင်တွင် ပျံ့ကျဲနေသည်ကို တွေ့ရသည်ဟု အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောဆိုထားသည်။
ပျောက်ဆုံးလေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များ အတွက် အင်ဒိုနီးရှားနိုင်ငံ အသက်အာမခံ ဥပဒေ စည်းမျည်းများ အရ လျော်ကြေးငွေပေးရန် ပြင်ဆင်နေကြောင်း အဲအေးရှား လေကြောင်းလိုင်း အင်ဒိုနီးရှားနိုင်ငံ ဌာနခွဲ CEO က ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုသည် ယနေ့ ညနေပိုင်းတွင် ပျောက်ဆုံးလေယာဉ် စတင်ထွက်ခွာခဲ့ရာ ဆုရာဗယာကျွန်းသို့ သွားရောက်ပြီး မိန့်ခွန်း ပြောကြားရန် ရှိကြောင်း သတင်းများက ဆိုသည်။
အဲအေးရှား (Air Asia- QZ 8501) ခရီးသည်တင် လေယာဉ်သည် ခရီးသည် ၁၅၅ ဦး၊ လေယာဉ် အမှုထမ်း ၇ ဦး တင်ဆောင်လာပြီး ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ဦးတည် ပျံသန်းနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အင်ဒိုနီးရှား၊ စင်ကာပူ၊ သြစတြေးလျ အပါအဝင် အမေရိကန်၊ ဗြိတိန်စသည့် နိုင်ငံပေါင်းစုံတို့မှ အားဖြည့် ရှာဖွေနေခြင်း ဖြစ်သည်။