AirAsia လေကြောင်းလိုင်းမှ ခရီ်းစဉ်အမှတ် QZ 8501 လေယာဉ်ပျက်ကို လိုက်လံရှာဖွေနေသည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များက လေယာဉ်ပျောက်ဆုံးပြီး ၁၂ ရက်အကြာတွင် လေယာဉ်၏ Black Box မှ အသံလှိုင်းထုတ်လွှင့်မှုကို ဖမ်းမိခဲ့သည်ဟု တာဝန်ရှိသူတဦးက ပြောကြောင်း နောက်ဆုံးရရှိသော သတင်းများအရ သိရသည်။
အဆိုပါလေယာဉ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် Surabaya မှ စင်ကာပူသို့ ထွက်ခွာသွားစဉ် ၂ နာရီကြာမြင့်မည့် ခရီးစဉ်၏ တဝက်ခန့်တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ ကျန်ရစ်သူ တယောက်မျှ မတွေ့ရှိခဲ့ပါ။
Airbus A320-200 အမျိုးအစားလေယာဉ်၏ ဆက်သွယ်ပြောဆိုသည့် အသံများနှင့် ပျံသန်းရေး အချက်အလက်များကို မှတ်သားထားသည့် black box နှင့် မှတ်တမ်းတင်ကိရိယာများက လေယာဉ်၏ အမြီးပိုင်းတွင် တည်ရှိသည်။ သို့သော် ၎င်းတို့သည် အမြီးပိုင်းနှင့် တကွဲတပြားစီ ဖြစ်သွားနိုင်သည်ဟု တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့ကြပါသည်။
အင်ဒိုနီးရှား National Transportation Safety Committee မှ စုံစမ်းစစ်ဆေးရေးမှူး တဦးဖြစ်သည့် Santoso Sayogo က Black Box သည် အမြီးပိုင်းတွင် ရှိတော့ပုံမရကြောင်း ပြောသည်။
“Black Box ရဲ့ အသံလှိုင်းထုတ်မှုကို တည်နေရာပြကိရိယာက ဖမ်းယူနိုင်ခဲ့ပြီလို့ ကွင်းဆင်းရှာဖွေနေတဲ့ အဖွဲ့တွေဆီကနေ နောက်ဆုံး သတင်းရရှိထားပါတယ်” ဟု သူက ရိုက်တာ သတင်းဌာနသို့ ပြောသည်။
“ဒါဟာ Black Box ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ရေငုပ်သမားတွေနဲ့ အတည်ပြုပေးဖို့ လိုပါတယ်။ ကံမကောင်းစွာနဲ့ပဲ အမြီးပိုင်းမှာ ရှိတော့ပုံ မရဘူး။ ဒါပေမယ့် တည်နေရာကို ရေငုပ်သမားတွေက အတည်ပြုပေးဖို့ လိုပါ တယ်” ဟု သူက ပြောသည်။
အမြီးပိုင်းကို ဇန်နဝါရီလ ၇ ရက်နေ့က နည်းပညာအကူအညီဖြင့် ခြေရာခံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လေယာဉ်နောက်ဆုံးရှိနေခဲ့သည်ဟု သိရှိထားသည့် နေရာနှင့် ၃၀ ကီလိုမီတာခန့် အကွာ ရေအနက် မီတာ ၃၀ ခန့်ရှိသည့် ပင်လယ်ကြမ်းပြင်တွင် ပြောင်းပြန် အနေအထားဖြင့် တွေ့ ရှိခဲ့ရသည်။
အင်ဒိုနီးရှား ရှာဖွေရေးအဖွဲ့များက ဘောလုံးများအသုံးပြု၍ အမြီးပိုင်းကို အပေါ်သို့ ဆွဲတင်နိုင်ရန် ဇန်နဝါရီလ ၉ ရက်နေ့ တွင် စတင်လုပ်ဆောင်နေကြပြီ ဖြစ်သည်။
လေယာဉ်နှင့် အတူပါသွားသည့် ခရီးသည်များ၏ မိသားစုများကမူ သူတို့ချစ်ခင်သူများ၏ အလောင်းများကို ဦးစားပေး ရှာဖွေပေးရန် အာဏာပိုင်များကို တောင်းဆိုကြသည်။
အလောင်း ၄၆ လောင်းနှင့် လေယာဉ်အပျက်အစီးများကို ပင်လယ်ပြင်မှ ဆယ်ယူခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ပြင်းထန်သောလေနှင့် မြင့်မားသော လှိုင်းလုံးများကြောင့် ဆိုနာကိရိယာက ရှာဖွေတွေ့ရှိထားသည့် လေယာဉ်၏ အစိတ်အပိုင်းများဟု ယူဆရသည့် ပင်လယ်ကြမ်းပြင်မှ ကြီးမားသော ပစ္စည်းများကို ဆယ်ယူရန် အခက်အခဲဖြစ်နေသည်။
မလေးရှား အခြေစိုက် စရိတ်သက်သာသည့်လေကြောင်းလိုင်း တခုဖြစ်သည့် AirAsia က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် Indonesia AirAsia သည် လေယာဉ်ပျက်ကျပြီးသည့်နောက်တွင် အာဏာပိုင်များ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာနက AirAsia ၏ Surabaya-Singapore ခရီးစဉ်ကို ရပ်ဆိုင်းထားလိုက်ပြီး ၎င်းတို့ကို တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင်သာ ပျံသန်းပြေးဆွဲခွင့်ပြုထားခဲ့သည်ဟုလည်း ပြောသည်။
သို့သော်လည်း ခရီးစဉ် QZ8501 သည် တနင်္ဂနွေနေ့တွင် ပျံသန်းခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်းတို့တွင် တာဝန်မရှိဟု ဝန်ကြီးဌာနကဆိုသည်။
ပျက်ကျရသည့် အကြောင်းရင်းကို မသိရသေးမီ အင်ဒိုနီးရှား မိုးလေဝသဌာနက အဆိုပါနေရာတွင် ဖြစ်နေကျဖြစ်သည့် အပူပိုင်းမုန်တိုင်းသည် ပျက်ကျရခြင်း အကြောင်းရင်းတခု ဖြစ်နိုင်သည်ဟု ပြောဆိုခဲ့၏။