အင်္ဂလန်နိုင်ငံ အခြေစိုက် ခရီးသွားလုပ်ငန်းစု တခုဖြစ်တဲ့ Explorer Worldwide ကုမ္ပဏီကနေ မြန်မာနိုင်ငံက Tour leader မဟေမာအောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ၂၀၁၄ ခုနှစ်အတွက် ထူးချွန်ဧည့်လမ်းညွှန်ဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဆုဟာ တကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံပေါင်း ၁၅၀ ခန့်က ဧည့်လမ်းညွှန်ခေါင်းဆောင် (Tour leader) သုံးထောင် ထဲကနေ ရွေးချယ်ပေးအပ်တာ ဖြစ်ပြီး နောက်ဆုံးဆန်ခါတင် ၇ နိုင်ငံ ဖြစ်တဲ့ အီကွေဒေါ၊ မော်ရိုကို၊ ပီရူး၊ မြန်မာ၊ နီပေါ၊ တူရကီ၊ အယ်လ်ဘေးနီးယား တို့ထဲကမှ မဟေမာအောင်က ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ထူးချွန်ဧည့်လမ်းညွှန်ဆု (The Deepen Rai Outstanding Achievement Award) ဟာ ၂၀၁၂ ခုနှစ်က လေယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ နီပေါနိုင်ငံက ဧည့်လမ်းညွှန် တောင်တက်သမား Deepen Rai ကို အစွဲပြု ခေါ်တွင် ပေးအပ်တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ စတင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်ဆံရေး ကောင်းမွန်မှု၊ ခရီးသွား ဧည့်သည်တွေအပေါ် နွေးထွေးစွာ ဆက်ဆံမှု၊ လေကြောင်း လိုင်းတွေနဲ့ ခရီးသွားအဖွဲ့ကို သေသေချာချာ ကွပ်ကဲနိုင်မှု အစရှိတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီး ခရီးသွား ဧည့်သည် တွေရဲ့ ထောက်ခံချက်နဲ့ ခရီးသွား စာပေ ရေးသားသူတို့ရဲ့ မှတ်ချက်တွေပေါ် မူတည်ပြီး ဒီဆုကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။
မဟေမာအောင်ဟာ တောင်ကြီး တက္ကသိုလ်ကနေ ၁၉၉၂ ခုနှစ်မှာ ရူပဗေဒ အထူးပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူ ဖြစ်ပြီး ကျောင်းတက်တုန်း ကတည်းက ခရီးထွက်ရတာ အရမ်း ဝါသနာပါခဲ့တာကြောင့် ခဏခဏ ပျော်ပွဲစား ခရီးတိုလေးတွေ ထွက်ဖြစ်ကာ ကျောင်းပြီးတော့လည်း သူ စာသင်ပေးရတဲ့ ကလေးတွေနဲ့ ခရီးအတူတူ ထွက်ဖြစ်ရာကနေ တာဝန်ယူ တတ်မှု၊ ကလေးတွေရဲ့ လုံခြုံရေး စတာတွေကို နားလည်ခဲ့ရတယ်လို့ မဟေမာအောင်က ပြောပါတယ်။
“ကျောင်းနေတုန်း ကတည်းက အရမ်းခရီးထွက်တယ်။ Picnic တို့ ဘာတို့ပေါ့။ အဲဒီကတည်းက ဇာတိပြနေတယ်။ သိပ်လျှာရှည်တယ်။ ဟိုဟာ သိချင်၊ ဒီဟာသိချင်နဲ့ စပ်စုတယ်။ ပြီးတော့ သွားနေရတာကိုလည်း ကြိုက်တဲ့အခါကျတော့ တချိန်လုံးတော့ ခရီးပဲ ထွက်နေတယ်။ ကျောင်းပြီးသွားတော့လည်း ဆယ်တန်းအောင်တဲ့ ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးရင်းနဲ့ သူတို့နဲ့လည်း ခဏခဏ ခရီးတွေ ထွက်ဖြစ်တယ်။ အဲဒီမှာ ကတည်းက ကလေးတွေကို ခေါ်သွားရင် တာဝန်ကြီးတယ်၊ Safety ဆိုတာကို သဘောပေါက်လာခဲ့တယ်။ တာဝန်ယူတဲ့ အပိုင်းကို အဲဒီကတည်းက သိသွားတယ်” လို့ သူက ဆိုပါတယ်။
၁၉၉၆ ခုနှစ်မှာ ဧည့်လမ်းညွှန် သင်တန်းကို စတက်ဖြစ်ခဲ့ပြီး တောင်ကြီးနဲ့ အင်းလေး ပတ်ဝန်းကျင်က နေရာတွေအတွက် နယ်ခံ ဧည့်လမ်းညွှန် (Station guide) အဖြစ် ၂၀၀၂ ခုနှစ်အထိ ခြောက်နှစ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
မဟေမာအောင်ဟာ အဲဒီအချိန်တွေတုန်းကတော့ ဧည့်လမ်းညွှန်အလုပ်ဆိုတာ ဝင်ငွေကောင်းတဲ့ အလုပ်တခုလို့ သိပေမယ့်လည်း အလုပ်လုပ်ရဖို့ကိုပဲ စိတ်ထဲမှာ ထားခဲ့ပြီး အလုပ်ကောင်းကောင်း လုပ်ရင် ပိုက်ဆံက အနောက်က သူ့အလိုလို လိုက်လာမယ်ဆိုတဲ့ ခံယူချက်နဲ့ ဝါသနာပါတဲ့ ဧည့်လမ်းညွှန်အလုပ်ကို တောက်လျှောက် လုပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“အလုပ်စလုပ်တုန်းက ဒီအလုပ်လုပ်ရင် ပိုက်ဆံတွေ ရတယ်ဆိုတာ သိပ်ကြီးလည်း စိတ်ထဲ မထားဘူး။ ဒီအလုပ်ကို လုပ်တော့ ပိုက်ဆံကတော့ နောက်ကနေ လိုက်လာတယ်။ အဲဒီတုန်းက သိတာက အလုပ်က အဓိကပဲ။ ငါကောင်းတာ လုပ်ရင်၊ ကောင်းတာလေးတွေ ဖြစ်ပြီးတော့ သူ့ဟာနဲ့သူ အနောက်က လိုက်လာမှာပဲဆိုပြီး စိတ်ထဲမှာ ထားတယ်။ အခုချိန်ထိလည်း ဘယ်လောက်ပေးပါ၊ ဘယ်လောက်ပေးမှ လုပ်မယ် ဆိုပြီး ဘယ်တော့မှ မပြောဘူး” လို့ မဟေမာအောင်က ပြောပါတယ်။
မဟေမာအောင်ရဲ့ အစ်ကိုဖြစ်သူကလည်း ဧည့်လမ်းညွှန်တယောက် ဖြစ်တဲ့အတွက်ကြောင့် သူ့အတွက် လိုအပ်တဲ့ ဗဟုသုတတွေ၊ စာအုပ်စာတမ်းတွေ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပြောပြ အကူအညီ ပေးတဲ့အတွက် တခြား ဧည့်လမ်းညွှန်တွေနဲ့စာရင် ကံကောင်းတဲ့ အချက်တခု ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဧည့်လမ်းညွှန် တယောက်အဖြစ် အနှစ် ၂၀ နီးပါး လုပ်ကိုင်ခဲ့တဲ့ မဟေမာအောင်က သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ကိုလည်း ပြန်လည် ပြောပြပါတယ်။
“ဧည့်သည် ၇၀ ရာခိုင်နှုန်း လောက်ကတော့ ကောင်းပါတယ်။ ၃၀ ရာခိုင်နှုန်း လောက်ကတော့ ကိုယ့်အပေါ် လှိုက်လှိုက် လှဲလှဲ အရမ်းကြီး မရှိဘူး။ ယဉ်ကျေးမှု မတူတာရယ်၊ တချို့ကျတော့လည်း ဘယ်လိုပဲ ကောင်းနေကောင်းနေ စိတ်တိုင်း မကျတတ်တဲ့ သူတွေလည်း ရှိတယ်။ တချို့ကျတော့ မြန်မာလူမျိုးတွေဆီကနေ အမြတ်ထုတ်တာ မျိုးတွေတောင် ရှိတယ်။ ကိုယ့်ဘက်ကတော့ အမြဲတမ်းကြီး ခေါင်းငုံ့ခံနေတာမျိုး မဟုတ်ဘဲ၊ အမှန်တရားကို ပညာသားပါပါလေး ကိုင်တွယ်တတ်ဖို့ လိုတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း ခရီးသွားလုပ်ငန်းတွေ တဟုန်ထိုး တိုးတက်လာခဲ့ပေမယ့် နိုင်ငံခြားသား ခရီးသွား ဧည့်သည် အမျိုးအစားတွေ ပြောင်းလဲသွားတဲ့အတွက် ခရီးသွားလုပ်ငန်း ပုံစံတွေကိုလည်း အလိုက်သင့် ပြောင်းလဲ ပေးသင့်တယ်လို့ သူက မြင်ပါတယ်။
“အခုနောက်ပိုင်း ဧည့်သည်တွေက ဆိုင်ကြီးတွေ သိပ်မသွားကြတော့ဘူး။ Local taste ကို ပိုကြိုက်ကြတယ်။ ဗမာတွေနဲ့ ထိုင်စားရတာမျိုး၊ ညဈေးလိုမျိုး နေရာတွေကို တော်တော် ကြိုက်ကြတယ်။ ပိုစိတ်ဝင်စားကြတယ်။ ဧည့်သည်ဝင်တဲ့ ပုံစံကလည်း ကွာသွားတာကိုး။ ၂၀၁၀ အရှေ့ပိုင်းက ဝင်တဲ့ဧည့်သည်တွေက ဆိုင်ကြီး၊ ဆိုင်ကောင်းကို သွားတာ စိတ်ဝင်စားတယ်။ အခုနောက်ပိုင်းက Local ပဲ။ Local ဆိုင်တွေကို ပိုပြီးတော့ Promote လုပ်ဖို့လိုတယ်။ သန့်ပြီးတော့ အစားအစာ ကောင်းတဲ့ဆိုင် အကုန်ခေါ်သွားလို့ရတယ်” လို့ မဟေမာအောင်က သူ့အမြင်ကို ပြောပြပါတယ်။
ဧည့်လမ်းညွှန်ကောင်း တယောက်ဖြစ်ဖို့အတွက် ဘာသာစကား ကျွမ်းကျင်ဖို့ရယ်၊ လူတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့ရယ်၊ လူတွေအလယ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ပြောဆို ရှင်းပြတတ်ဖို့ရယ်၊ စာများများ ဖတ်ဖို့ရယ် အဓိက လိုအပ်ပြီး ပဲ့ကိုင် ပေးသူနဲ့ မိမိဖာသာ သိတတ်မှုတွေ ရှိနိုင်မယ် ဆိုရင်တော့ အရမ်းတော်တဲ့ ဧည့်လမ်းညွှန်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်လို့ မဟေမာအောင်က ရှင်းပြပါတယ်။
“အတွေ့အကြုံ မရှိတဲ့အခါ ဧည့်သည်ကို Handle လုပ်တဲ့ နေရာမှာ ခက်တယ်။ အဓိကက ယဉ်ကျေးမှု မတူဘူး။ ဒါပေမယ့် ဧည့်သည်က မြန်မာပြည်ထဲကို ဝင်လာပြီ ဆိုရင် သူတို့က တိုးတက်တဲ့ တိုင်းပြည်တွေက လာလို့လား မသိဘူး၊ သူတို့ကို လိမ်နေရင်လည်း လိမ်နေမှန်း သိတယ်။ ဒီလူကို မြင်လိုက်တာနဲ့ ဘယ်လိုဆိုတာကို သိတယ်။ အဲဒီတော့ ကောင်းကောင်း မွန်မွန်ပဲ မသိရင် မသိဘူးပေါ့၊ ငါသိရင် ပြန်ပြောပြပါ့မယ် ဆိုပြီး ရိုးသားတတ်ရမယ်” လို့ မဟေမာအောင်က ထောက်ပြပါတယ်။
မဟေမာအောင်က သူရရှိခဲ့တဲ့ ထူးချွန်ဆုနဲ့ ပတ်သက်လို့ ရွေးချယ်ခံရတဲ့အပေါ် အလုပ်မှာ ကျွမ်းကျင်ရုံ သက်သက်ကြောင့် မဟုတ်ဘဲ၊ သူတို့ သွားခဲ့တဲ့ ခရီးလမ်းစဉ်တလျှောက် မဖွံ့ဖြိုးသေးတဲ့ ကျေးရွာတွေအတွက် ဘယ်လောက်ကူညီ ဆောင်ရွက် ပေးနိုင်သူ ဖြစ်သလဲ ဆိုတာကိုလည်း ကြည့်တယ်လို့ ရှင်းပြပါတယ်။
“သူက Community service အတွက် Program တခု သပ်သပ်ရှိတယ်။ Tour leader တွေက သူတို့ လှူလိုက်တဲ့ ပိုက်ဆံနဲ့ Tour သွားတဲ့ခရီးတောက်လျှောက် မဖွံ့ဖြိုးတဲ့ ရွာတွေမှာ ကျောင်းတွေ ဆောက်ပေးတယ်၊ ရေသန့်စက်တွေ လုပ်ပေးတယ်။ တချို့ဟိုတယ်တွေဆို ရွာတိုးတက်ဖို့အတွက် ရေတွင်းတွေ တူးပေးတယ်။ ဆေးခန်းတွေ ဖွင့်ပေးတယ်။ ဒါပေမယ့် အဲဒါတွေက နည်းနေသေးတယ်။ သိပ်မထိရောက်ဘူး။ လုပ်ဖို့ တော်တော်လိုပါတယ်” လို့ သူက ဆိုပါတယ်။
မဟေမာအောင်ကို ဆုချီးမြှင့်ခဲ့တဲ့ Explore Worldwide ခရီးသွားလုပ်ငန်း ကုမ္ပဏီရဲ့ အင်တာနက် စာမျက်နှာမှာတော့ ဆုအဆုံးအဖြတ် ပေးခဲ့တဲ့ ဒိုင်တွေရဲ့ မှတ်ချက်တွေအပြင် သူနဲ့ အလုပ်တွဲလုပ်တဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီရဲ့ ကောက်နုတ်ချက် တွေကိုပါ ဖော်ပြပေးထားပါတယ်။
“ဟေမာဟာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ရိုင်းပင်းတတ်ပြီးတော့ အလုပ်နဲ့ ပတ်သက်ရင် ပထမဆုံး အကြံဉာဏ် တောင်းရတဲ့ သူပါပဲ။ ဟေမာနဲ့ ပတ်သက်ပြီးတော့ ရရှိခဲ့တဲ့ ခရီးဧည့်သည်တွေရဲ့ မှတ်ချက်တွေဟာ အင်မတန်ကို အသေးစိတ်၊ အတွင်းကျကျ ခံစားပြီး ရေးထားတဲ့ စာတွေ ဖြစ်ပါတယ်။ သူ့အကြောင်း ပြောပြဖို့ ဆိုရင် ဧည့်သည်တွေဟာ အင်တိုက်အားတိုက် ပြောပြပေးတတ်ကြပါတယ်။ သူ့အတွက် ဒီအသိအမှတ်ပြုမှုဟာ အလွန်ကို ထိုက်တန်ပါတယ်” လို့ ဆုဆုံးဖြတ်ပေးတဲ့ ဒိုင်တွေက ရေးသားထားပါတယ်။
မဟေမာအောင်ကတော့ “ဧည့်လမ်းညွှန် တယောက်ဆိုတာ နိုင်ငံတခု၊ တိုင်းပြည်တခုကို ကိုယ်စားပြုတဲ့ သံတမန် (Ambassador) ပါပဲ” လို့ ပြောပါတယ်။