မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုတွင် တရားခံဟု သံသယဖြစ်သူ ၉ ဦးကို မလေးရှားနိုင်ငံ ပီနန်ကျွန်း ဘူခစ် မာတာဂျမ် တရားရုံးတွင် ယနေ့ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း မလေးရှား Insider အင်တာနက် သတင်းဌာနက ဖော်ပြထားသည်။
တရားစွဲဆိုခံရသည့် ၉ ဦးမှာ အသက် ၂၀ မှ အသက် ၄၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံသားများပင် ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က တခြားသော မြန်မာနိုင်ငံသားတဦးအား သတ်ဖြတ်၍ အပိုင်းပိုင်း ခုတ်ထစ်ကာ နေရာဖြန့်၍ အလောင်းဖျောက်ဖျက်ခဲ့မှု အပါအဝင် မြန်မာနိုင်ငံသား တချို့အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သံသယဖြစ်ခံရသူများ ဖြစ်သည်။
၎င်းတို့မှာ ဘီလားမုဒ် ဂူလမ်၊ မိုဟာမက် ရာဖစ်၊ ဟာဘီဘူလာ၊ ရှဖီး၊ ယာစင်၊ စိုးမောင်မောင်၊ အလီ၊ ဟာဖစ် အာမက် နှင့် ဟူစိန်ဆွာလေတို့ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
၎င်းတို့ ၉ ဦးက တခြားသော မြန်မာနိုင်ငံသား မျိုးအောင်၊ အောင်နိုင်စိုး၊ ထူးအောင်နှင့် စုံစမ်းဆဲ မြန်မာတဦးတို့အား ယမန်နှစ်က ဘူခစ် မာတာဂျမ် အရပ်တွင် သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့သည်ဟု သိရသည်။
ဘူခစ် မာတာဂျမ် တရားရုံးတွင် ၎င်းတို့အား တရားစွဲဆိုချက်ကို ဖတ်ကြားပြပြီး နားလည်မှု ရှိ၊ မရှိမေးမြန်းရာ ၎င်းတို့ ၉ ဦးက နားလည်ကြောင်းနှင့် တရားစွဲဆိုမှုကို ငြင်းဆိုလျှောက်လဲခြင်းလည်း မရှိခဲ့ကြောင်း သိရသည်
အဆိုပါ လူသတ်မှုကို ဘာသာပြန်တဦး ရရှိမည့် ဇန်နဝါရီလ ၃၀ ရက်သို့ ရုံးချိန်းကို ထပ်မံ ချိန်းဆိုလိုက်ကြောင်းလည်း ဒေသဆိုင်ရာ လက်ထောက် တရားစွဲဆိုရေး အရာရှိ ကာမာလီဇာ မုဒ်ဇိန်းဆိုသည်။
ဘီလား (၂၇ နှစ်)၊ ရာဖစ် (၂၈ နှစ်) တို့သည် မြန်မာနိုင်ငံမှ ထူးအောင် အားသတ်ဖြတ်မှုနှင့် ယမန်နှစ် အောက်တို ဘာလ ၂၅ ရက်နေ့က ကျူးလွန်ခဲ့သည်ကို ဝန်ခံခဲ့ပြီးဖြစ်၍ ပုဒ်မ ၃၀၂၊ ပုဒ်မ ၁၄၉ တို့ဖြင့် တရားစွဲဆိုခံရခြင်းလည်း ဖြစ်သည်။
ထို့နောက် ဘီလား၊ ရာဖစ်၊ ဟာဖစ်နှင့် အလီတို့သည်လည်း မြန်မာနိုင်ငံသား ကျော်သန်းလှနှင့် ထွန်းရဲမောင်တို့ကို သတ်ဖြတ်မှု၊ တရားမဝင်စုရုံးမှုတို့နှင့် တရားစွဲဆိုခံခဲ့ရသူများ ဖြစ်သည်။
၎င်းတို့သည် ပြီးခဲ့သည့်နှစ်က မလေးရှားနိုင်ငံ ပီနန်ဒေသ ဘူခစ် မာတာဂျမ်ဒေသတွင် မြန်မာနိုင်ငံသားတချို့ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်သည့်အတွက် ရဲစုံစမ်းစစ်ဆေးကာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လူသတ်တရားခံဟု သံသယဖြစ်သူတချို့သည် လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရလည်း ရင်ဆိုင်ရမည်ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံသား ၉ ဦးအနက် တချို့သည် မြန်မာနိုင်ငံသား အသက် ၂၃ နှစ်ရှိ အောင်နိုင်စိုး သေဆုံးမှုတွင် ပါဝင် ပတ်သက်နေကြောင်း ဖြောင့်ချက်ပေးထားပြီး ဖြစ်သည်ဟု သိရသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတချို့ ဆက်တိုက် သတ်ဖြတ်ခံရမှုများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် မိတ္ထီလာအစရှိသည့် ဒေသတချို့တွင် ဖြစ်ပွားခဲ့သော မွတ်စလင် ဘာသာဝင်တချို့နှင့် ဗုဒ္ဓဘာသာဝင်တချို့ အကြား အကြမ်းဖက် တိုက်ခိုက်မှုများအပြီး ဖြစ်ပွားခဲ့ရာ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် နေသော မြန်မာနိုင်ငံသားများလည်း မိမိတို့ လုံခြုံရေး စိုးရိမ်၍ မြန်မာနိုင်ငံသို့ အများအပြား ပြန်လာခဲ့ကြသည်။