ထိုင်းအကျဉ်းထောင်များရှိ အကျဉ်းသားများအား ပင်လယ် ငါးဖမ်း လှေ၊ သင်္ဘောများတွင် အလုပ်စေခိုင်းမည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ အစိုးရ၏ မူဝါဒ အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂများက ရှုတ်ချ ကန့်ကွက်နေကြသည်။
ထိုင်းငါးဖမ်းစက်လှေ၊ သင်္ဘောများ ပေါ်တွင် လုပ်သားအဖြစ် ခိုင်းစေမည့် ထိုင်းအစိုးရ၏ အစီအစဉ်ကို အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နိုင်ငံများရှိ အလုပ်သမား သမဂ္ဂများ အပါအဝင် နိုင်ငံတကာရှိ NGO ၄၅ ခုတို့ကကန့်ကွက်၍ ရပ်တန့်ရန် တိုက်တွန်းသည့် အိပ်ဖွင့် ပေးစာကို ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာထံ လိပ်မူ၍ ယနေ့ ပေးပို့လိုက်ကြောင်း သိရသည်။
အဆိုပါ အိပ်ဖွင့်ပေးစာတွင် ထိုင်းငါးဖမ်းစက်လှေများ၊ သင်္ဘောများ၌ လုပ်သားပြတ်လပ်မှု ပြဿနာကို ဖြေရှင်းသည့် အနေဖြင့် ထိုင်းအကျဉ်းထောင်များ အတွင်းရှိ အကျဉ်းသားများအား ထည့်သွင်း အသုံးပြုခြင်းသည် အကျဉ်းသားဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အစိုးရအနေဖြင့် လူမှောင်ခိုကူးခြင်းကို ကျူးလွန်ရာလည်း ရောက်ကြောင်း၊ သို့အတွက် အမေရိကန်ပြည်ထောင်စု ၏ လူမှောင်ခိုကူးမှု မှတ်တမ်းများတွင် ထိုင်းနိုင်ငံအနေဖြင့် မြင့်တက်လာနိုင်သည်ဟုလည်း သတိပေးထား သည်။
ယမန်နှစ် ဇန်နဝါရီလမှ မေလ အတွင်း ထိုင်းငါးဖမ်းလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ ဘတ်သန်းပေါင်း ၈၉၅၉၆ သန်း ရခဲ့ကြောင်း လည်း အဆိုပါ စာအရသိရသည်။
နိုင်ငံဝင်ငွေ အဓိက ရစေသည့် ထိုင်းငါးဖမ်းလုပ်ငန်းအတွက် လုပ်သား ၃ သိန်းထိ အသုံးပြုထားပြီး လုပ်သား ၉၀ ရာခိုင်နှုန်း သည် ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း၊ ထိုအထဲတွင် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့များ အများစုဖြစ်ကြောင်းလည်း ထောက်ပြထားသည်။
ထို့အပြင်တချို့ထိုင်း ငါးဖမ်းလှေများသည် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း၊ ထိုင်း ငါးဖမ်းစက်လှေ လုပ် ငန်း များ တွင် လုပ်အားခေါင်းပုံဖြတ်မှု၊ တနေ့ အချိန် နာရီ ၂ဝ ကျော်ကြာအလုပ်စေခိုင်းမှုအပါအဝင် အဓမ္မအလုပ်ခိုင်းစေမှု၊ အကြွေးနှင့် ချည်နှောင်မှု၊ ရုပ်ပိုင်းဆိုင်ရာ စော်ကားမှု၊ သတ်ဖြတ်မှုများစသဖြင့် နာမည်ဆိုးနှင့် ကျော်ကြားကြောင်းလည်း အဆိုပါအိပ်ဖွင့် ပေးစာက ထောက်ပြသည်။
ထိုင်းအလုပ်သမား ဝန်ကြီးဌာန အဆိုအရ အကျဉ်းသားများအနေဖြင့် မိမိသဘောဆန္ဒအလျှောက်သာ ငါးဖမ်းစက်လှေများ တွင် အလုပ်လုပ်နိုင်သည်ဟု ဖော်ပြထားသော်လည်း တချို့ အကျဉ်းထောင်အရာရှိများက မသမာသော နည်းလမ်းများနှင့် ဖိအားပေးကာ အကျဉ်းသားများအား ငါးဖမ်းစက်လှေ လုပ်သားများအဖြစ် ထည့်သွင်းမှုများ ရှိနိုင်ပြီး ငါးဖမ်းစက်လှေပေါ်မှ အကျဉ်းသားများအား ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြီးကြပ်မှုများအတွက်လည်း အခက်အခဲရှိကြောင်းပေးစာတွင် အကြံပြုထားသည်။
နိုင်ငံတကာ အလုပ်သမားအခွင့်အရေး ဖိုရမ်၏ ညွှန်ကြားရေးမှူး Judy Gearhart က“အကျဉ်းသားတွေကို ပင်လယ်ထဲ စေလွှတ်တာဟာ စနစ်တကျ လုပ်ဆောင်မှာလည်း မဟုတ်သလို ထိုင်းငါးဖမ်းလုပ်ငန်းမှာ ရှိနေတဲ့ လုပ်သား ပြဿနာကို မမှန်ကန်တဲ့ ဖြေရှင်းမှုပဲ ဖြစ်မယ်၊ ထိုင်းနိုင်ငံဟာ ငါးဖမ်းလှေတွေမှာ လူမှောင်ခိုကူးမှု ပြဿနာတွေ ရှိနေတာကနေ ရှောင်လွှဲပြေးလို့ မရနိုင်ဘူး” ဟု ဆိုထားသည်။
ထို့အတွက် ထိုင်းအစိုးရအနေဖြင့် ပြဿနာ၏ မူလဇစ်မြစ်ကို အသိအမှတ်ပြု နားလည်ပြီး ရွှေ့ပြောင်းလုပ်သားများအပေါ် မှန်ကန်တဲ့ ထိတွေကိုင်တွယ်မှုမှန်ကန်ရန် လိုအပ်ကြောင်းလည်း သူကထောက်ပြသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေး အာရှဒေသဆိုင်ရာလက်ထောက် ညွှန်ကြားရေးမှူး ဖီလ် ရော်ဘတ်စန်ကလည်း “ထိုင်းနိုင် ငံ ဟာ အတင်းအဓမ္မအလုပ်ခိုင်းစေမှု၊ လူမှောင်ခိုးကူးမှုများအား အဆုံးသတ်ရေး သံဓိဋ္ဌာန်ချလုပ်ဆောင် နေတယ် လို့ အကြိမ်ကြိမ် ကတိပေးထားပေမယ့် ကနဦးအစီအစဉ်ဟာ ပိုမိုဆိုးဝါးတဲ့ လားရာကို ဆန့်ကျင်ဘက် ဖြစ်ဖို့ ဦးတည်သွား နေတယ်”ဟုဆိုသည်။
ထိုင်းအစိုးရအနေဖြင့် ငါးဖမ်းလှေတွေပေါ်မှာ အကျဉ်းသားတွေအသုံးပြုမှု စီမံကိန်းကိုချက်ချင်း ရပ်ဆိုင်းသင့်ကြောင်း သူကဆိုသည်။
လက်ရှိ ထိုင်းအကျဉ်းထောင်များအတွင်း မြန်မာနိုင်ငံသား အမြောက်အမြား တရားမဝင်ဝင်ရောက်မှု၊ မူးယစ်ဆေးဝါးအမှု စသည့် အမှုများနှင့် အကျဉ်းကျခံနေကြရသည်။