စစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲများပြင်ထန်းနေတဲ့ ဖားကန့်မြို့နယ် လုံးခင်းရဲစခန်ဝန်းအတွင်းမှာ မနေ့ညနေ ၆ နာရီခန့်က ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ရဲဝန်ထမ်း မိသားစုဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လုံးခင်းရဲစခန်းက ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။
လုံးခင်း စခန်းမှူး တင်ကိုကို က “ကျနော်တို့ စခန်းထဲကို လမ်းမကြီးပေါ်ကနေ ဆိုင်ကယ်နဲ့ ဗုံးတလုံးပစ်သွင်း သွားတာ။ အဲဒီအချိန် စခန်းမှာ ထိုင်နေကြတဲ့ ဝန်ထမ်းမိသားစုတွေရှိနေတယ်။ ဗုံးကပေါက်ကွဲပြီး ဗုံးစတွေက ဝမ်းဗိုက်နဲ့ ခြေထောက်တွေကို မှန်ကုန်တာ” လို့ ဧရာဝတီကို ပြောပါတယ်။
ဒဏ်ရာရရှိသွားသူ ဝန်ထမ်းမိသားစုဝင်လေးဦးဖြစ်တဲ့ ဒေါ်နန်ဆိုင်း၊ မထက်၊ ဖုန်ဆားနဲ့ ဖုန်တီအောင် တို့ဟာ အသက် ၂၀ နဲ့ ၅၀ အကြားရှိသူတွေဖြစ်ပြီး ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူနေကြပြီး စိုးရိမ်စရာ အခြေအနေတော့ မရှိသေး ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လုံးခင်းရဲတပ်ဖွဲ့အနေနဲ့ စခန်းဝန်းအတွင်း ဗုံးပစ်သွင်းသွားတဲ့ လက်သည်တွေကိုဖော်ထုတ်အရေးယူနိုင်ဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပြီး ရဲစခန်းအပါအဝင် အစိုးရရုံးတွေကိုလည်း သတိဝိရိရ ရှိရှိနေထိုင်ကြဖို့ လှုံ့ဆော်ထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဥပဒေဘက်တော်သားတွေကို ဒီလိုဥပဒေမဲ့လုပ်တာတော့ မကောင်းဘူးလေ။ တရားခံဖော်ထုတ်နိုင်ဖို့ အတွက်ကိုလည်း ကျနော်တို့ ကျိုးစားနေပါတယ်” လို့ စခန်းမှူး တင်ကိုကို က ဆက်ပြောပါတယ်။
ဖားကန့်မြို့ပေါ် မြို့မရပ်ကွက်ရှိ ဥရုချောင်းကူးတံတားဖြစ်တဲ့ ကျောက်စိမ်းတောင်တံတား အနီးမှာလည်း ယမန်နေ့ည ၇နာရီခန့်က ဗုံးတစ်လုံးကွဲခဲ့ သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့က ဖားကန့်မြို့နယ် ဝှေခါ ကားလမ်းပေါ်မှာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ KIA တပ်ဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တို့ ၁၅ ရက်နေ့မနက်ကစပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး နယ်မြေ မတည်မငြိမ် ဖြစ်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့မှာလည်း အခုလ ၁၃ ရက်နေ့က အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ ရဲစခန်း၊ မှုခင်းတပ်ဖွဲ့ရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်နဲ့ မိုင်းဟ ပြည်သူ့စစ် ရုံးတို့ကို လက်နက်ကိုင်တပ်ဖွဲ့တခုက တချိန်တည်းမှာပဲ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒီကနေ့ထုတ် မြန်မာအလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ရဲစခန်း၊ မှုခင်းတပ်ဖွဲ့ရုံးနဲ့ မိုင်းဟ ပြည်သူ့စစ် ရုံးတို့မှာ ထိခိုက်ပျက်စီးမှုတွေရှိမရှိ ဖော်ပြထားခြင်း မရှိပေမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးအိမ်မှာ အိပ်ပျော်နေတဲ့ အရပ်သားတဦး သေနက်မှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် သေနတ်ကျည် ထိမှန်မှုကြောင့် အိမ်နဲ့ ကားတွေ ပျက်စီးမှုရှိခဲ့သလို ခြံဝန်းအတွင်း မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးနှစ်လုံးလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။