မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစောင့်ကြည့်ခံ အဆင့်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီက ပြောသည်။
ဇန်နဝါရီ ၁၆ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသည် မြေယာဆိုင်ရာ ပြဿနာများ၊ လူမျိုးရေး ပဋိပက္ခများ၊ နိုင်ငံရေးအကျဉ်းသားများ ဆိုင်ရာ ပြဿနာများ၊ တိုင်းရင်းသားအရေးကိစ္စများ ဆက်လက် ဖြစ်ပေါ်နေသည့်အတွက် စောင့်ကြည့်ခံအဆင့်ထဲတွင် ရှိနေဆဲဖြစ်သည်ဟု ပြောဆိုသွားခြင်း ဖြစ်သည်။
“မြန်မာအစိုးရအနေနဲ့က ပြုပြင်ပြောင်းလဲရေး အခြေအနေတချို့ကို ပိုမိုတိုးတက်လာအောင် ပြုလုပ်နေတာကိုတော့ မြင်တွေ့ရပါတယ်။ ဒါပေမယ့်လည်း အခုရရှိပြီးသားဖြစ်တဲ့ အခြေအနေတချို့ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို အရှိန်အဟုန် မြှင့်တင်ဖို့တော့ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် မြေယာ မတရား သိမ်းဆည်းမှုများ ရှိနေသည့်အတွက် မြေယာအသုံးချမှု မူဝါဒများကို ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း၊ လာမည့် လွှတ်တော်တွင် ဆွေးနွေးကြမည့် မျိုးစောင့်ဥပဒေ ၄ ခုကလည်း ဘာသာရေး၊ လူမျိုးရေး အုပ်စုများအကြား တင်းမာနေမှုများကို ပိုမိုတိုးပွားစေမည့်အရေး စိုးရိမ်မိကြောင်းလည်း ပြောသည်။
ထို့အတွက် လွှတ်တော်အတွင်း ဆွေးနွေးကြမည့် ကိုယ်စားလှယ်များအနေဖြင့် အဆိုပါ ဥပဒေများအပေါ် သေချာစွာ စိစစ် သုံးသပ်ပြီး ကန့်ကွက်သွားကြရန် မစ္စ ရန်ဟီးလီက တိုက်တွန်းသွားသည်။
သူက “ဒီဥပဒေကြမ်းတွေကိုသာ အတည်ပြုလိုက်မယ်ဆိုရင် နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မှုတွေ ပြတဲ့ အရာတွေထဲက တခုအဖြစ် မြင်တွေ့ရနိုင်ပါတယ်” ဟု ပြောသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောကြောင့် လူမျိုးရေး၊ ဘာသာရေး အငြင်းပွားမှုများအပေါ် ကြိုတင်ဖြေရှင်းထားရန် လိုအပ်ကြောင်း၊ သတင်းမီဒီယာများကိုလည်း ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ အချိန်များတွင် လွတ်လပ်စွာ သတင်းရယူ တင်ပြခွင့်ရှိရေးကလည်း အရေးကြီးကြောင်းလည်း မစ္စ ရန်ဟီးလီက ထောက်ပြသည်။
ပြီးခဲ့သည့် နှစ်အတွင်း သတင်းမီဒီယာကို ဖမ်းဆီးထောင်ချခြင်း၊ ရာဇဝတ်မှုများဖြင့် ဖမ်းဆီးတရားစွဲခြင်း၊ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရခြင်း စသည့် အခြေအနေများအပေါ် စိုးရိမ်မိကြောင်း၊ ယူနတီဂျာနယ်မှ သတင်းထောက်များ ထောင်ချခံရမှုကိုလည်း အစိုးရအနေဖြင့် ပြန်လည်စိစစ်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“မြန်မာအစိုးရက အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၇ ဦးပဲ ကျန်တော့တယ်လို့ ပြောနေပေမယ့် မြေယာအရေး တက်ကြွလှုပ်ရှားခဲ့ကြတဲ့ လယ်သမားတွေအပါအဝင် ၇၈ ဦးက နိုင်ငံရေးနဲ့မကင်းတဲ့ အကြောင်းပြချက်တွေနဲ့ အဖမ်းခံ လိုက်ရတယ်။ မြေယာသိမ်းယူမှုတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်နေတဲ့သူတွေကို ဖမ်းဆီးတဲ့ အပေါ်မှာလည်း စိုးရိမ်မကင်းဖြစ်ရတယ်” ဟု သူက ဆိုသည်။
ယခုအချိန်တွင် အမေရိကန် အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး တိုးမြင့်အောင် ဆောင်ရွက်နေသကဲ့သို့ မြန်မာစစ်တပ်ကိုလည်း အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာသည့် စစ်တပ်အဖြစ် ပြုပြင်ပြောင်းလဲစေရန် ဆက်ဆံရေးတည် ဆောက်နေသည်။
ထိုကဲ့သို့ မြန်မာစစ်တပ်အပေါ် အမေရိကန်၏ ထိတွေ့ဆက်ဆံရန် စီမံဆောင်ရွက်မှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများက စိုးရိမ်မကင်းဖြစ်နေသည်။
ထို့ကြောင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကိုယ်စားလှယ်တဦး အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအရ ထိတွေ့ဆက်ဆံရန် အချိန်ကျရောက်ပြီဟု သုံးသပ်နိုင်ပါသလားဟု ဧရာဝတီက မေးမြန်းရာ “ဒီကိစ္စက နိုင်ငံတကာနဲ့ မြန်မာအစိုးရတို့အကြားက ဆက်ဆံရေးဖြစ်ပါတယ်။ ကျမ ဒီကိစ္စအပေါ် တစုံတရာ မှတ်ချက်မပေးချင်ပါဘူး” ဟု ၎င်းက ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲ မတိုင်မီ နေ့လည်ပိုင်းကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဘင်္ဂါလီအရေး ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ၉၆၉ အရေး ဦးဆောင်လှုပ်ရှားသူ ဆရာတော်များ အပါအဝင် လူရာပေါင်းများစွာက ရွှေတိဂုံဘုရား တောင်ဘက်မုခ်၊ ကြေးသွန်းဘုရားကြီးမှ ကျိုက္ကဆံ ပြည်သူ့ဟစ်တိုင်အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသည်။
ကုလသမဂ္ဂအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ၏ တင်ပြချက်နှင့် ပတ်သက်၍ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဘင်္ဂါလီ လူနည်းစုကို နိုင်ငံသား အခွင့်အရေးပေးရန် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ က တိုက်တွန်းခဲ့သည်ကို မကျေနပ်၍ ယခုကဲ့သို့ ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။
(ဧရာဝတီ သတင်းထောက် စနေလင်းနှင့် သူဇာတို့ ပူးပေါင်းရေးသားသည်။)