နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တုအနည်းငယ်ကို ယခုလ အတွင်း ဦးတေဇ က ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အစိုးရဝန်ကြီးဌာန ဘက်မှ ဓာတ်ခွဲစစ်ဆေးထားသည့်အဖြေအရဆိုပါက ယူရေနီယံသတ္တုဟုပင် ယူဆရကြောင်း၊ အစိုးရသို့ မအပ်ခင် အချိန်တွင်လည်း တရုတ်နိုင်ငံမှ သိနားလည်သူ ၂ဦးနှင့် ယူရေနီယံသတ္တု ဟုတ်မဟုတ် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဦးတေဇက ပြောသည်။
၎င်းက“ကျနော် တရုတ်ပြည်က ၂ယောက်ကိုခေါ်ပြီး နိုင်ငံတော်မအပ်ခင်မှာ ပစ္စည်းမှန်မမှန် စစ်ပါတယ်။ စစ်တော့ သူတို့ သတ်မှတ် တာ အဆင့် ၁၃ ဆို တော်တော် ပြင်းနေပြီ ပြောပါတယ်။ နိုင်ငံတော်ကို အပ်လိုက်တာက ၃ ရက်၊ ၄ ရက် ရှိပါပြီ။ သိပ္ပံနည်းပညာ ဌာန ကို အပ်တာ။ မပို့ခင်တုန်းကလည်း ဓာတ်ခွဲခန်းပို့ပြီး စမ်းတယ်။ သူတို့အဖြေနဲ့ ကျနော်တို့အဖြေ အတူတူပဲ။ ဓာတ်ခွဲခန်း ရလဒ်ကြည့်တော့ ယူရေနီယမ်ပဲထင်တာ”ဟုလည်း ပြောသည်။
ဇန်နဝါရီ ၁၉ ရက်က အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း ထောင့်ရှိ ၎င်း၏နေအိမ်တွင် မီဒီယာများနှင့် တွေ့ဆုံပြီး ဦးတေဇက အထက်ပါအတိုင်း ပြေားကြားခြင်း ဖြစ်သည်။
အဆိုပါ သတ္တုကို
“သူတို့ လာရောင်းတာတောင် အမည်မသိ ဓာတ်သတ္တုတမျိုး ဆိုပြီး လာရောင်းတာ သူတို့တောင် ၂ကြိမ်ပဲရှိသေးတယ် တွေ့တာ”ဟု ၎င်းက ပြောပြသည်။
လက်ရှိ ရရှိထားသည့် ပမာဏမှာ ၃ ပိဿာ ခွဲခန့်ရှိပြီး နိုင်ငံတော်သို့ အကုန်နီးပါး အပ်ထားပြီးဖြစ်ကြောင်း၊ ၎င်းထံတွင် နမူနာ အဖြစ် ချန်ထားသည်သာ ရှိတော့ကြောင်း သိရသည်။
ဦးတေဇက ယခုကဲ့သို့သော သတ္တုမျိုးအတွက် ၎င်းအနေဖြင့် နောင်တွင် ဆက်လက် ရှာဖွေပေးသွားရန်ရှိကြောင်းနှင့် အမျိုးသားလုံခြုံရေးနှင့် ဆက်စပ်ပြီးလည်း ပြောဆိုသွားခဲ့သည်။
၎င်းက“ဒါက အစသဘောပဲ ရှိပါသေးတယ်။ ပွင့်လင်းရာသီကျရင် တကယ် Primary ရှိမရှိ ကျနော်တို့စမ်းပေးပါမယ်။ ကျနော်က National security မျိုးတော့ဖြစ်ချင်ပါတယ်။ ကျနော်တို့နိုင်ငံက ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကအစ ရန်စခံရတဲ့ပုံစံမျိုးဖြစ်နေတာ။ နိုင်ငံ တိုင်း နိုင်ငံတိုင်းက ကိုယ့်နိုင်ငံအတွက် National security က အရမ်းအရေးကြီးပါတယ်”ဟု ပြောသည်။
ထို့အပြင် လက်ရှိအခြေအနေတွင် အစိုးရက ၎င်းအား ခရိုနီဆိုသည့် သဘောနှင့် သိပ်မသုံးချင်သည့် အခြေအနေရှိကြောင်း၊ တချိန် က နာမည်ကြီးခဲ့သည့် သစ်ထုတ်ယူမှုများနှင့် ပတ်သက်၍လည်း ၎င်းတို့ ခိုးရောင်းခဲ့ဖူးသည်မှာ မရှိခဲ့ကြောင်း၊ အစိုးရ ဥပဒေအတိုင်း သစ်တောဝန်ကြီးဌာန ခွင့်ပြုချက်နှင့် တရားဝင် ခုတ်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောဆိုသည်။
“သစ်ဆိုလည်း ကိုယ်တို့စထုတ်ကတည်းက သစ်တောဦးစီးဌာန ဝန်ကြီးတွေ တယောက်မှ မသေသေးပါဘူး။ ရုံးအဖွဲ့မှူးတွေ အကုန် လုံး ရှိပါသေးတယ်။ ထုတ်တဲ့နေရာက နယ်မြေဒေသခံတွေ အကုန်ရှိပါသေးတယ်။ လိုက်ပြီးတော့ အကုန်မေးလိုက်ပါ”ဟု ဦးတေဇ က ပြောဆိုသွားသည်။