ချင်းပြည်နယ် ဟားခါးမြို့ရှိ လက်ဝါးကပ်တိုင်ကို တရားဝင် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ခဲ့သည်ဟု ဆိုပြီး ပြည်နယ်အစိုးရက ဖယ်ရှားခိုင်းခြင်းအပေါ် ကန့်ကွက်သည့် အနေဖြင့် ချင်းလူငယ် ၁၀၀ ကျော်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းတွင် ဆုတောင်းချီတက်ပွဲ ကျင်းပသည်။
“အစိုးရ ထုတ်ပြန်ထားတဲ့ အမိန့်အရ ဖျက်ဆီးခံရတော့မယ့် ကားတိုင်အတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ ငြိမ်းချမ်းစွာ စုဝေး ဆုတောင်းခြင်းပဲ ဖြစ်ပါတယ်”ဟု ယင်းဆုတောင်းပွဲ၌ ဦးဆောင်ပါဝင်သူ တဦးဖြစ်သည့် ချင်းလူငယ် ဆလိုင်းမျိုးချစ်က ပြောဆို သည်။
ယင်း လက်ဝါးကပ်တိုင်ကို တရားဝင်ခွင့်ပြုချက် မရှိဘဲ တည်ဆောက်ခဲ့သည်ဟု ဆိုပြီး ပြည်နယ် အစိုးရအဖွဲ့က ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် ဇန်နဝါရီ ၁၃ ရက်က အမိန့်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မဖယ်ရှားပါက လက်ဝါးကပ်တိုင် စိုက်ထူထား သူကို ပြည်နယ်အစိုးရက တရားစွဲဆိုသွားမည်ဟု အသိပေးထားကြောင်းလည်း ချင်းလူငယ်များက ပြောသည်။
အမြင့်ပေ ၅၄ ပေ ရှိသည့် လက်ဝါးကပ်တိုင်ကို ဟားခါးမြို့ အထွက်ရှိ ချင်းလူမျိုးများ၏ ရိုးရာအရ သန့်ရှင်းသော ဆုတောင်းရာ တောင် အဖြစ် သတ်မှတ်ထားသည့် ကာရာနီ တောင်ကုန်း ခေါ် ကျာရ်တလန် တောင်ကုန်းပေါ်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလတွင် အပြီးသတ် စိုက်ထူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချီတက်ဆုတောင်းပွဲ၌ ပါဝင်ခဲ့သည့် ချင်းအမျိုးသမီး မစီထရောက “ဘာသာရေး အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ကျမတို့ အကြိမ်ကြိမ် ခွင့်ပြုမိန့်တောင်းတာ မပေးဘူး။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ နိုင်ငံသား အားလုံးကို တန်းတူ အခွင့်အရေး ပေးသင့်ပါတယ်”ဟု ပြောဆိုသည်။
အဆိုပါ ဆုတောင်းပွဲသို့ တက်ရောက်လာသည့် ချင်းလူငယ်များက ပြည်နယ်အစိုးရ၏ အမိန့်ကို ပြန်လည်ရုပ်သိမ်းပြီး ယင်းလက်ဝါးကပ်တိုင်ကို တရားဝင်အဖြစ် သတ်မှတ်ပေးရန်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ တို့ကို ပြင်ဆင်ပြီး ဘာသာရေး၌် အစိုးရ၏ ပါဝင်ပတ်သက်မှုကို လုံးဝရပ်တန့်ရန်၊ မျိုးစောင့်ဥပဒေကြမ်း ၄ ခုကို လွှတ်တော်က ပယ်ချရန် အပါအဝင် အချက် ၅ ချက် ကို ဇန်နဝါရီ ၂၉ ရက်က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။
ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်က“အဲဒီ လက်ဝါးကပ်တိုင် ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ အဖွဲ့က တရက်၊ နှစ်ရက် အတွင်း အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမယ်”ဟု ဧရာဝတီကို ပြောဆိုသည်။
ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီ(CNDP) အတွင်းရေးမှူး ဆလိုင်းငယ်ပီးက “ကျနော်တို့ ချင်းပြည်နယ်မှာ အဲဒီလို လက်ဝါးကပ် တိုင် စိုက်ဖို့ သာသနာရေး ဝန်ကြီးဌာနနဲ့ စကားပြောရရင် ခွင့်ပြုချက် မကျတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒါကြောင့် ကိုယ့်နည်းကိုယ့် ဟန် နဲ့ လွတ်လပ်စွာ လက်ဝါးကပ်တိုင် စိုက်ထူလေ့ရှိကြတယ်”ဟု ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဟားခါးမြို့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရစ်ယာန် သင်းအုပ်ဆရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ချင်းလူ့အခွင့်အရေး အဖွဲ့(Chin Human Rights Organization – CHRO) က ဟားခါးမြို့ရှိ ခရစ်ယာန် လက်ဝါးကပ်တိုင် ဖြိုဖျက်ဖယ်ရှားရန် ထုတ်ပြန်ထားသည့် အမိန့်အား ရုပ်သိမ်းပေးရန်နှင့် ယင်းလက်ဝါးကပ်တိုင် စိုက်ထူရာတွင် ပါဝင်ခဲ့သူ ချင်းလူမျိုး တဦးအပေါ် တရားစွဲဆိုထားမှုကိုလည်း ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာအာဏာပိုင်များအား တိုက်တွန်းကြောင်း ဇန်နဝါရီ ၂၉ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လက်ဝါးကပ်တိုင် ဖယ်ရှားရေး အမိန့်ကို ဆန့်ကျင့်ကန့်ကွက်သည့် အနေဖြင့် ဟားခါးမြို့၌ လာမည့် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင်လည်း တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဟားခါးမြို့မှ ချင်းလူငယ် ဆလိုင်းဗန်ချန်ကျဲအို က ဧရာဝတီကို ပြောသည်။