ကရင်လက်နက်ကိုင် အဖွဲ့များက မြန်မာအစိုးရနှင့် ပူးပေါင်း၍ ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များအတွက် ကရင်ပြည်နယ် အရှေ့တောင်ပိုင်းတွင် စံပြကျေးရွာသစ်တခု တည်ထောင်ပေးရန် ရှိကြောင်း ဧရာဝတီသို့ အတည်ပြုပြောကြားခဲ့သည်။
ယခုမှ စတင်တည်ထောင်မည့် ကျေးရွာသည် လေးကေကော် အမည်ရှိပြီး ထိုင်း-မြန်မာနယ်စပ်အနီး ကော့ကရိတ်မြို့နယ် အတွင်းတွင်တည်ရှိသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ မြဝတီမြို့တွင် အခြေစိုက်ထားသည့် ဆက်ဆံရေး ရုံးမှ အရာရှိတဦးဖြစ်သော ဗိုလ်မှူးစောဇောရိုးကပြောသည်။ ကျေးရွာသစ်သည် KNU တပ်မဟာ ၆ ၏ အုပ်ချုပ်မှုအောက် တွင်ရှိမည် ဟုလည်းသိရသည်။
“ကျနော်သိသလောက်တော့ ကျေးရွာသစ်က တောထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ KNU တပ်ဖွဲ့ဝင်တွေရဲ့ အိမ်ရှင်မ တွေနဲ့ ကလေးငယ်တွေ အတွက် ရည်ရွယ်ပါတယ်။ ပြည်တွင်း စစ်ရှောင် ဒုက္ခသည်တွေအတွက် ဖြစ်ပြီးတော့ တန်ဖိုးနည်း အိမ်ယာ စီမံကိန်းတခုလိုပါပဲ” ဟု ဗိုလ်မှူးစောဇောရိုးက ဧရာဝတီသို့ တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်း သတင်းသည် အစိုးရနှင့် KNU တို့က ထိုင်းနိုင်ငံမှ ပြန်လာကြမည့် ဒုက္ခသည်များအတွက် စံပြ ကျေးရွာများ တည်ဆောက်နေကြောင်း ပြည်တွင်းမီဒီယာတခုက သတင်းမှားယွင်းဖော်ပြခဲ့ပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ အတွင်း နယ်စပ်တလျှောက်ရှိ တရားဝင်ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည် ၁၃၀၀၀၀ ခန့်နေထိုင်ကြသည်။ ကျေးရွာကိုတည်ဆောက်နေကြောင်း ဗိုလ်မှူးစောဇောရိုးက အတည်ပြုပေးခဲ့သော်လည်း ကရင်လက် နက်ကိုင် အဖွဲ့များနှင့် နီးစပ်သော ပြည်တွင်းစစ်ရှောင် ဒုက္ခသည်များအတွက်သာဖြစ်သည်ဟု ရှင်းပြသည်။
KNU ၏ တိုက်ခိုက်ရေး အဖွဲ့ဖြစ်သော ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အပါအဝင် လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များကြားတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဝေးလံသည့်နေရာများတွင် ပြည်တွင်း စစ်ရှောင်ဒုက္ခသည် ၅၀၀၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရ သည်။
ပြီးခဲ့သည့် နှစ်အတွင်းတွင်လည်း KNU က တပ်မဟာ ၇ ထိန်းချုပ်ထားသည့် ဒေသတွင် အလားတူ စံပြကျေးရွာ တရွာ တည်ထောင်ခဲ့သည်။ KNLA တပ်ဖွဲ့ဝင်များ၏ မိသားစုများက မဲတာရီးနှင့် မော်ဖိုးကေ တို့တွင် အခြေချနေကြပြီဖြစ်ပြီး KNU ၏ အထောက်အပံ့များ ရရှိနေသည်ဟု ဗိုလ်မှူးစောဇောရိုးကပြောသည်။
တာဝန်ရှိသူများက ကျေးရွာသစ်နှင့် ထိုင်းနိုင်ငံတွင်ရှိနေသည့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာမည့် အလားအလာတို့ ဆက်စပ်မှုမရှိဟု ဆိုသော်လည်း နယ်စပ် ၂ ဘက်လုံးတွင် ရှိနေသည့် သတင်းအရင်းအမြစ်များက ဒုက္ခသည်များ ပြန်လည် ရောက်ရှိလာရေးက မကြာမီဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရနှင့် ပူးပေါင်း၍ ဒုက္ခသည်များကို စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများ မကြာမီစတင်တော့မည် ဖြစ်ရာ အကူအညီပေးရေး လုပ်သားများက အနာဂါတ်ကာလတွင် ကိုယ့်သဘောနှင့်ကိုယ် ပြန်သွားနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှု အဆင့်တခုအဖြစ် ရှုမြင်ထားကြသည်။
UNHCR ၏ အာရှဒေသဆိုင်ရာပြောရေးဆိုခွင့် ရှိသူ Vivian Tan ကလည်း စံပြရွာသစ်သည် မကြာမီ ပြုလုပ်တော့မည့် ဒုက္ခသည်များကို စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသလို ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များကို နေရာ ချထားရေးနှင့် ပတ်သက်၍ ၎င်းတို့ကို အကြောင်းကြားထားခြင်းလည်း မရှိကြောင်းပြောသည်။ အဆိုပါစီမံကိန်းသည် ထိုင်း နိုင်ငံတွင်းမှ ဒုက္ခသည် စခန်း ၉ ခုရှိ ဒုက္ခသည်များ ကို စစ်ဆေးအတည်ပြုခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း သူက အလေး အနက် ပြောကြားခဲ့ပါသည်။
သို့သော်လည်း ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များကို နှစ်ပေါင်း ၂၀ကျော်ကြာ အကူအညီပေးနေသည့် အဖွဲ့အစည်း တခုဖြစ်သော The Border Consortium (TBC) မှ ဒါရိုက်တာ Duncan McArthur က ဒုက္ခသည်များကို စစ်ဆေးအတည် ပြုခြင်းသည် နေရပ်သို့ ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတခု ဖြစ်နိုင်သည်ဟု ပြောသည်။
Duncan McArthur က စစ်ဆေးအတည်ပြုခြင်း အစီအစဉ်သည် အကယ်၍ ဒုက္ခသည်များ စခန်းမှ ထွက်ခွာပြီး မြန်မာနိုင်ငံ သို့ပြန်သွားခဲ့လျှင် အကူအညီပေးရေးနှင့် စောင့်ကြည့်လေ့လာရေးနှင့် ဆက်စပ်နေပုံရသည်ဟု ဆိုသည်။ နောက်ဆုံးတွင် နေရပ်နိုင်ငံသို့ ပြန်သွားနိုင်ရေးနှင့် သက်ဆိုင်သွားနိုင်သည်ဟုလည်း ထပ်ပြောသည်။
စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်တွင် UNHCR တွင် မှတ်ပုံတင်ထားသည့် အသက် ၁၁ နှစ်နှင့် အထက်ရှိသော ဒုက္ခ သည်များကို ဖော်ထုတ်နိုင်ရန်လည်း ပါဝင်သည်။ မှတ်ပုံတင်ပြီးသူတို့သည် ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များပါဝင် သည့် “smart card” များ ရရှိမည်ဖြစ်ပြီး UNHCR နှင့် အခြား အကူအညီပေးရေး လုပ်သားများက ၎င်းတို့ကို ခွဲခြားသိရှိ နိုင်မည်ဖြစ်သလို မြန်မာနိုင်ငံသို့ ပြန်ပါကလည်း ဆက်လက်အကူအညီပေးနိုင်မည် ဖြစ်သည်။
အကယ်၍ မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိလျှင် လူအမြောက်အများ အကူအညီမရရှိနိုင်တော့မည်ကို စိုးရိမ်ကြောင်း ဒုက္ခသည် များကပြောကြသည်။ အကြောင်း အမျိုးမျိုးကြောင့် မှတ်ပုံတင်ရာတွင် ပါဝင်နိုင်ခြင်း မရှိသူများအတွက် ပြဿနာများ ရှိလာ လိမ့်မည်ဟု သူတို့ကပြောသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘန်ကောက်မြို့၌ တွေ့ ဆုံ ရာတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayuth Chan-Ocha က မြန်မာနိုင်ငံမှ ဒုက္ခသည်များကို မိခင်နိုင်ငံသို့ ပြန်စေလို ကြောင်း အရိပ်အယောင်ပြခဲ့သည်။ ထိုင်းနိုင်ငံမှ ယာယီစခန်းများရှိ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် ၎င်း တို့ ၂ ဦးဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။