ရွှေပြည်သာ စက်မှုဇုန် အလုပ်သမားများက အခြေခံလစာတိုးမြှင့်ရေး အတွက် ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့သို့ လမ်းလျှောက်ချီတက်၍ တိုင်း ဝန်ကြီးချုပ်က တာဝန်ခံ ဖြေရှင်းပေးရန် တောင်းဆိုကြမည်ဟု သိရသည်။
“ကျနော်တို့အားလုံးက အခြေခံလစာ တပြေးညီတိုးမြှင့်ပေးရေး တောင်းဆိုနေကြတာကို အလုပ်ရှင်ဘက်က မလိုက်လျောပေးနိုင် ဘူး။ မနက်ဖြန် ဆန္ဒထုတ်ဖော်မှုမှာ ခန့်မှန်းအင်အား ထောင်ချီပါဝင်မယ်။ ဆန္ဒရှိတဲ့အလုပ်သမားတိုင်း ပါဝင်နိုင်တယ်။ ဝန်ကြီးချုပ် ကို တောင်းဆိုမယ်”ဟု အလုပ်သမား စုပေါင်းသပိတ် ဦးဆောင်ကော်မတီ မှ ကိုမျိုးမင်းမင်းက ပြောသည်။
သပိတ်မှောက် အလုပ်သမားများ၏ တောင်းဆိုချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်မှ တာဝန်ခံဖြေရှင်းပေးရန် အတွက် အလုပ်သမားများသည် နံနက် ၈ နာရီတွင် အင်းစိန်မြို့နယ် ဒညင်းကုန်းမီးပွိုင့်လမ်းဆုံတွင် စုရပ်ထားမည်ဖြစ်ကြောင်း၊ ထို့နောက် အောက်မင်္ဂလာဒုံ လမ်းမကြီးအတိုင်း လမ်းလျှောက်ချီတက်ကြမည်ဖြစ်ပြီး အင်းစိန်လမ်းမကြီးမှတဆင့် ပြည်လမ်းမကြီးပေါ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့သို့ သွားရောက်ဆန္ဒပြကြမည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် အလုပ်သမားများ၏ တောင်းဆိုချက်များကို တပတ်အတွင်း တာဝန်ခံဖြေရှင်းပေးရန်နှင့် ပြေလည်ရန် ဖြေရှင်းပေးခြင်းမရှိပါက နောက်ဆက်တွဲ အကျိုးဆက်များသည် ပြည်ထောင်စုအဆင့် အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း အလုပ်သမား စုပေါင်းသပိတ် ဦးဆောင်ကော်မတီ က ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
ရွှေပြည်သာစက်မှုဇုန် နယ်မြေအတွင်းရှိ အထည်ချုပ်စက်ရုံ ၄ ရုံ၏ အခြေခံလစာတိုးမြှင့်ရေး တောင်းဆိုမှုများကို တာဝန်ရှိသူများက လည်း ညှိနှိုှု်င်း ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဖေဖော်ဝါရီ ၁၅ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
“အလုပ်ရှင်များ ဘက်ကလည်း အလုပ်သမားများအပေါ် ကိုယ်ချင်းစာနားလည်ပေးပြီး တတ်နိုင်သမျှ ညှိနှိုင်းပေးစေလိုကြောင်း၊ တောင်းဆိုမှုများနှင့် ဆက်စပ်ဖြစ်ပေါ်နေသော စက်ရုံရှေ့တွင် အလုပ်သမားများ ပိတ်ဆို့ထားခြင်းမှာ တည်ဆဲဥပဒေအရ သက်ဆိုင် ရာများမှ ဆောင်ရွက်ရန်ဖြစ်ကြောင်း”ဟု အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် က ဖေဖော်ဝါရီ ၁၁ ရက် က အစိုးရတာဝန်ရှိသူများ၊ အလုပ်ရှင်နှင့် ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးမှုတွင် ပြောဆိုထားသည်။
ဖေဖော်ဝါရီ ၂ ရက်မှ စတင်၍ ရွှေပြည်သာစက်မှုဇုန် နယ်မြေအတွင်းရှိ E-land Myanmar Garment ၊ Ford Glory Garment ၊ Coste International နှင့် Red Ston Garment အထည်ချုပ် စက်ရုံ ၄ ရုံ မှ အလုပ်သမားပေါင်း ၂၀၀၀ ကျော် ပူးပေါင်း၍ အခြေခံ လစာတိုးမြှင့်ရေး၊ အနည်းဆုံး လုပ်ခလစာ ဥပဒေ အမြန်ဆုံးပေါ်ထွက်နိုင်ရေး၊ အလုပ်သမား သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်း၍ လုပ်ငန်းရှင်များက အသိအမှတ်ပြုရေး နှင့် အလေးအနက်ထားရေး များအတွက် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြေလည်မှု မရရှိသေးပေ။