တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ သတ္တမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို လာမည့် မတ်လဆန်းတွင် ပြန်လည် ကျင်းပနိုင်ဖွယ် ရှိကြောင်း သိရသည်။
NCCT အဖွဲ့တွင် ပါဝင်သည့် ပအို့ဝ်၊ ချင်း စသည့် တိုင်းရင်းသားများ၏ အစည်းအဝေးများ၊ အမျိုးသားနေ့ စသည့် အခမ်းအနားများ ရှိနေသဖြင့် NCCT အစည်းအဝေးကို ရက်ရွှေ့ထားရကြောင်း၊ ဖေဖော်ဝါရီလ မကုန်မီ NCCT အစည်းအဝေး ပြုလုပ်ပြီးပါက အစိုးရနှင့် တွေ့ဆုံနိုင်မည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဧရာဝတီကို ပြောသည်။
NCCT နှင့် UPWC တို့၏ သတ္တမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) အပြီး ကျင်းပမည်ဟု နှစ်ဘက်စလုံးက သဘောတူညီထားကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဆုံနိုင်ခဲ့ကြကြောင်း နှစ်ဘက်အဖွဲ့ တာဝန်ရှိသူများက ဧရာဝတီကို ပြောသည်။
နှစ်ဘက်အဖွဲ့ မတွေ့ဆုံနိုင်သည့် အဓိက အချက်တွင် NCCT အဖွဲ့ဝင် အားလုံးက အဆင်သင့် မဖြစ်သေးခြင်းကြောင့် ဖြစ်ကြောင်း၊ NCCT အစည်းအဝေးကို မကြာမီ ရက်ပိုင်းအတွင်း လုပ်ဆောင်ပြီးပါက အစိုးရနှင့် တွေ့ဆုံနိုင်မည်ဟု NCCT ခေါင်းဆောင်များက ဆိုသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက NCCT နှင့် UPWC တို့၏ သတ္တမ အကြိမ်မြောက် တွေ့ဆုံမှု ရွှေ့ဆိုင်းသွားရခြင်းသည် NCCT အစည်းအဝေး နောက်ဆုတ်သွား၍ ဖြစ်ကြောင်း၊ UPWC အဖွဲ့အနေဖြင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီဟု ပြောသည်။
UPWC အလုပ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ NCCT အဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံရန် ရှိကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။
“ကျနော်တို့ဘက်က ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို ဒီလထဲမှာ ဖြစ်စေချင်ပါတယ်။ မြန်မြန်လုပ်နိုင်လေ ကောင်းလေပါပဲ” ဟု ပြောသည်။
NCCT ခေါင်းဆောင် တဦးဖြစ်သည့် နိုင်ဟံသာက “၇ ကြိမ်မြောက် တွေ့ဆုံပွဲ ကြန့်ကြာနေတာက ၆ ကြိမ်မြောက်တုန်းက တစ်ဆို့နေတဲ့ အချက်တချို့ကို နှစ်ဘက် ညှိမရသေးတာကြောင့်ပါ၊ အဲဒီအချက်တွေကို အဆင်ပြေပြီလို့ အစိုးရက ပြောပေမယ့် လွှတ်တော်နဲ့ တပ်မတော်ရဲ့ သဘောထားကိုပါ မသိရသေးတော့ ဒါဟာ UPWC ရဲ့ သဘောထားလို့ ပြောရခက်တယ်၊ ဒါကြောင့် ရှေ့မတိုးနိုင်တာပါ” ဟု ပြောသည်။
UPWC နှင့် NCCT တို့ အကြား တွေ့ဆုံဆွေးနွေးရာတွင် တစ်ဆို့နေသည့် အချက် ၃ ချက်မှာ ကြားကာလ တပ်နေရာ ချထားရေး ဆိုင်ရာနှင့် ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေး စသည့် အချက်တို့ ပါဝင်နေကြောင်း သိရသည်။
NCCT အဖွဲ့၏ ဒုခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက “တိုက်ပွဲတွေကြောင့်ပဲ ဆွေးနွေးနေကြရတာပေါ့၊ အဲဒီတိုက်ပွဲတွေကြောင့် ၇ ကြိမ်မြောက် တွေ့ဆုံမှု ကြန့်ကြာနေရင် တိုက်ပွဲတွေက ပိုပြီးများလာမှာပေါ့၊ တနိုင်ငံလုံး ငြိမ်းချမ်းသွားရင်လည်း ဆွေးနွေးစရာ မလိုတော့ပါဘူး” ဟု ဆိုသည်။
တွေ့ဆုံမှုတွင် စစ်ဘက်ဆိုင်ရာ ဆွေးနွေးစရာ အနည်းငယ်သာ ကျန်တော့ကြောင်း၊ ထိုအချက်များကို UPWC ၏ အလုပ်အဖွဲ့နှင့် တွေ့ဆုံနွေးပါက အဆင်ပြေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့သော် တိုင်းရင်းသား လက်နက်ကိုင်များက နိုင်ငံရေး ဆွေးနွေးပွဲ၌ ပါဝင်မည့်သူများကို ကြိုတင်ပြင်ဆင်ထားရန် ဆန္ဒရှိနေ သည်။ UPWC နှင့် NCCT တို့၏ ၆ ကြိမ်မြောက် တွေ့ဆုံမှုအား ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည်။
၆ ကြိမ်မြောက် တွေ့ဆုံမှုတွင် တစ်ဆို့နေသည့် အချက်များအား ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဝန်ကြီး ဦးအောင်မင်းက ချင်းမိုင်မြို့၌ NCCT အဖွဲ့ခေါင်းဆောင်များနှင့် ယခုလဆန်းက တွေ့ဆုံစဉ် ရှင်းပြခဲ့ကြောင်း၊ ထိုအချက်များကို ၇ ကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲ၌ ထပ်မံဆွေးနွေး အတည်ပြုရန်သာ လိုအပ်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
လက်ရှိလုပ်ဆောင်နေခြင်းသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) အတွက်သာ ဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသား အဖွဲ့တချို့က တောင်းဆိုရာတွင် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် အကြောင်းအရာများကို ထပ်မံတောင်းဆိုနေသဖြင့် ညှိနှိုင်းရ ခက်ခဲနေကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်မည့် အချိန်နှင့် ပတ်သက်ပြီး အတိအကျ ပြောဆိုရန် ခက်ခဲကြောင်းနှင့် ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ရလဒ်အပေါ် မူတည်ကြောင်း နှစ်ဘက်စလုံးက ပြောသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အား (NCA) လက်မှတ် ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးနေကြသည်မှာ ၃ နှစ်ကျော်လာပြီ ဖြစ်သည့်တိုင် လက်မှတ် မထိုးနိုင်သေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။