အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ကို သွားဖို့အတွက် တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးလည်း ရတယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင် စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ ပေါင်းစည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပါအဝင် တိုင်းရင်းသား တပ်ဖွဲ့ အများစုက နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ကိုသွားနိုင်ဖို့အတွက် NCA ကို အရင် လက်မှတ်ထိုးဖို့ သဘော ထား ရှိကြပေမယ့် RCSS/SSA အနေနဲ့ ကတော့ ဒီအပေါ်မှာ ယူဆချက်ကွဲလွဲကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက် တာဖြစ်ပါတယ်။
“ကျနော်တို့ အနေနဲ့ UNFC နဲ့ကွဲလွဲနေတာ အဲဒီအချက်ပေါ့။ ကျနော်တို့ကတော့ အပစ်အခတ် ရပ်စဲထားပြီးပြီ။ နိုင်ငံရေး ဆွေးနွေးပွဲသွားဖို့ အတွက်ဆို ဒီလက်မှတ်ရေးထိုးတဲ့ ဟာကတော့၊ ကျနော်တို့ အတွက်ကတော့ လက်မှတ်မရေးထိုးလည်း ရတယ်။ ရေးထိုး လည်းရတယ်”လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
RCSS/SSA အနေနဲ့ ပြည်ထောင်စုနေ့ က နေပြည်တော်မှာ အခြား တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့နဲ့အတူ အစိုးရနဲ့“ငြိမ်းချမ်း ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်”လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံတနေရာမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရင်း အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေနဲ့ အစိုးရအကြားမှာ ပထမအဆင့် အနေနဲ့ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကို အရင် လက်မှတ်ထိုးရမှာ ဖြစ်ပြီး ဒုတိယ အဆင့်ရောက်မှ နိုင်ငံရေး မူဘောင်တွေကို ရေးဆွဲဖို့လိုကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က သူ့အမြင် သဘောထား ကို ပြောပါတယ်။
သူကဆက်ပြီး“UNFC နဲ့ ကျနော်တို့ အကြားမှာ ကွဲလွဲတဲ့ အချက်က ဘယ်လိုလဲဆိုတော့ သူတို့က အခန်းကျော်သွားတယ်။ သူတို့ NCA မှာလုပ်နေတဲ့ ဟာတွေတို့၊ ဘာတို့ကလည်း နိုင်ငံရေးမူဘောင်တွေ အတင်းကြီးကို ဆွဲထည့်နေတယ်။ အဲဒါ ဒုတိယ အချက် လာရမယ့် ကိစ္စဖြစ်တယ်။ ဒါကြောင့်မလို့ သူတို့ အချိန်ကြန့်ကြာနေတာဖြစ်ပါတယ်”လို့ ပြောဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရအကြားမှာ NCA သဘောတူ စာချုပ် လက်မှတ်ထိုးဖြစ်၊ မထိုးဖြစ် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ကို သွားမယ်လို့ RCSS/SSA အနေနဲ့ ဆုံးဖြတ်ထားပေမယ့်လည်း နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် အစိုးရ အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို အရင်ပြုပြင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ပြည်ထောင်စုနေ့က ကတိကဝတ် စာချုပ်ထိုးခဲ့တဲ့ အဖွဲ့အချို့မှာ အဖွဲ့အစည်း အတွင်းမှာရော နိုင်ငံရေး အသိုင်းအဝိုင်းမှာ ဝေဖန်ခံရမှုတွေရှိနေပြီး လူထုအကြားမှာပါ ပြန်လည် ဖြေရှင်းချက်တွေ ပြုလုပ်နေကြရပါတယ်။
ပြည်ထောင်စုနေ့က နေပြည်တော်မှာ RCSS/SSA အပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU) ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA -PC) ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့က“ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်”ဆိုတဲ့ ကတိကဝတ် စာချုပ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ အခြား တိုင်းရင်းသားလက်နက်ကိုင် အများစု ကတော့ မထိုးကြပါဘူး။
ကတိကဝတ် စာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ KNU ခေါင်းဆောင် အချို့လည်း ဝေဖန်ခံနေရပြီး အဖွဲ့ရဲ့ အမြဲတမ်းဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့လည်း မကိုက်ညီကြောင်း လက်မှတ်ထိုးပြီး ၄ ရက်အကြာမှာ KNU ဗဟိုဌာနချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က“များသောအားဖြင့် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ မျှော်လင့် ထားခဲ့တာ ကလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဖြေရှင်းကြဖို့ပဲ။ အခုအချိန်မှာ တံခါးဖွင့်လှစ်ပေးလိုက်ပြီ။ နိုင်ငံရေး ဆွေးနွေးပွဲအတွက်ကို၊ ဒါပေမယ့် လာပြီးမဆွေးနွေးဘူးဆိုရင် နောက်ပိုင်းမှာ အပြစ်က ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီ ရောက်သွားနိုင်ပါတယ်”လို့ဆိုပါတယ်။
RCSS/SSA အဖွဲ့က အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ၂၀၁၁ ခုနှစ်ထဲမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး ၂၀၁၂ ခုနှစ်ထဲမှာ ပြည်ထောင်စု သဘောတူညီမှုတွေ ရရှိထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အဆင့် သဘောတူညီမှု ရရှိပြီးနောက်ပိုင်းမှာ နှစ်ဘက်အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါ့အပြင် ပြည်ထောင်စု အဆင့်မှာ RCSS/ SSA က အချက်ပေါင်း ၃၁ ချက်တောင်းဆိုထားပြီး အဲဒီတောင်းဆိုထားတဲ့ အချက်တွေ အနက် ဆက်ဆံရေးရုံးတွေဖွင့်လှစ်နိုင်ခဲ့ခြင်း၊ လူထုနဲ့ တွေ့ဆုံနိုင်ခဲ့ခြင်း၊ အခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ နိုင်ခဲ့ခြင်း စတဲ့ သုံးချက် သာ ရရှိသေးပြီး တပ်ပိုင်း ဆိုင်ရာ ကိစ္စတွေ အပါအဝင် ကျန်တဲ့ အရေးကြီးတဲ့ အချက်တွေမှာ သဘောတူညီမှုမရရှိသေးဘူးလို့ သိရပါတယ်။