အခြေခံလစာ တိုးမြှင့်ရေး အတွက် ရွှေပြည်သာမြို့နယ် ကန်သာယာလမ်းဆုံ အနီးတွင် ယနေ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်နေ သည့် ရွှေပြည်သာ စက်မှုဇုန် နယ်မြေအတွင်းရှိ အထည်ချုပ်စက်ရုံများမှ ဆန္ဒပြအလုပ်သမား ၅၀ ကျော်ကို ရဲကားများဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။
ဆန္ဒပြ အလုပ်သမား ကိုသူဇော်ကြည်ဝင်း အပါအဝင် အလုပ်သမားများကို ညနေ ၄ နာရီ ၃၀ မိနစ် ခန့်တွင် ရဲ အင်အား ၅၀ ခန့်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆန္ဒပြ အလုပ်သမားများအရေး ကူညီပေးနေသည့် အလုပ်သမားများ မြှင့်တင် ကာကွယ် ရေး အဖွဲ့မှ ကိုနေဝင်းဦး က ဧရာဝတီသို့ ပြောသည်။
ယင်းဆန္ဒပြ အလုပ်သမား ၁၀၀ ခန့်သည် E-land Myanmar, Ford Glory နှင့် Costec International အထည်ချုပ် စက်ရုံများမှ ဖြစ် ကြောင်းလည်း အလုပ်သမားများနှင့် အတူရှိနေခဲ့သည့် ကိုနေဝင်းဦး က ပြောပြသည်။
“ဒညင်းကုန်းဘူတာဈေးနား က ကန်သာယာလမ်းဆုံမှာ အခြေခံလစာတိုးဖို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်နေကြတဲ့ အလုပ်သမား တွေကို ရဲတွေ က ကားတွေပေါ် တင်ဆောင် ဖမ်းဆီးသွားပါတယ်။ ဆန္ဒပြနေသူတွေထဲက ၂၀ ဦးနဲ့ ၅၀ ဦးကြားလောက် ခန့်မှန်းခြေ ဖမ်းဆီး ခံထားရတယ်။ ရဲတွေဘက် ကတော့ အထိအခိုက်ရှိတာ မတွေ့ရဘူး။ အလုပ်သမားတွေကိုပဲ အတင်းအကျပ်ဖမ်းဆီးခံ ရ တာ၊ ထိခိုက်မိတာကတော့ အလုပ်သမားတွေပဲ”ဟု ၎င်းက ဆိုသည်။
ဆန္ဒပြအလုပ်သမားများသည် ယနေ့ နံနက် ၉ နာရီမှစတင်၍ ဒညင်းကုန်း လမ်းဆုံမှ ရန်ကုန် မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ရဲများကလည်း နံနက်ပိုင်းမှ စတင်၍ ယခုအချိန်ထိ ပိတ်ဆို့ထားဆဲဖြစ်ကြောင်း၊ အမှတ် ၄ လမ်းမကြီး ဒညင်းကုန်းမီးပွိုင့် အလွန်မှ စတင်၍ ကန်သာယာလမ်းဆုံအထိ လမ်းများလည်း ပိတ်ဆို့ထားပြီး ခရီးသည် တင် ယာဉ်များ၊ အငှားယာဉ်များလည်း ဖြတ်သန်းခွင့်မရကြောင်း သိရသည်။
ယနေ့ ဖမ်းဆီးခံရသူများထဲတွင် သတင်းထောက် တချို့လည်း ပါဝင်ကြောင်း၊ 7 Days နေ့စဉ်သတင်းစာမှ ဓာတ်ပုံ သတင်း ထောက် ကိုနစ်ကီ ဖမ်းဆီးခံရကြောင်း 7 Days ဂျာနယ်မှ သတင်းထောက်ချုပ် ကိုအောင်သူရ က အတည်ပြု ပြောဆိုသည်။
ဖေဖော်ဝါရီ ၄ ရက်မှ စတင်၍ ယနေ့အထိ အခြေခံလစာတိုးမြှင့်ပေးရေး အတွက် ဆန္ဒပြနေကြသည့် E-land Myanmar, Ford Glory နှင့် Costec International အထည်ချုပ်စက်ရုံများမှ အလုပ်သမားများသည် အလုပ်ရှင်များဘက်မှ သတ်မှတ်တိုးမြှင့်ပေး သည့် အခြေခံလစာ၊ ထောက်ပံ့ကြေးနှင့် ရှားပါးစရိတ်များအပေါ် သဘောမတူညီသည့်အတွက် ဆက်လက်၍ ဆန္ဒထုတ်ဖော် နေကြ ခြင်းဖြစ်သည်ဟု သိရသည်။
ယင်း ဆန္ဒပြအလုပ်သမားများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က အရေးယူမည့်အကြောင်း ထုတ်ပြန်ခဲ့သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေနှင့်လည်း ဆူပူအကြမ်းဖက် ဆန္ဒပြ အလုပ်သမားများကို ဒေသ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးယူ ဆောင်ရွက်မှုများပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။