ရွှေပြည်သာ စက်မှုဇုန် နယ်မြေရှိ အခြေခံလစာ တိုးမြှင့်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့် အလုပ်သမား ၁၄ ဦးကို ရုန်းရင်းဆန်ခတ် ဖြစ်စေ မှု ပုဒ်မဖြင့် အင်းစိန်မြို့မ ရဲစခန်းက တရားစွဲဆိုထားကြောင်း သိရသည်။
“အင်းစိန် ရဲစခန်းကနေ တရားလို လုပ်ပြီး ဒီနေ့ပဲ ချက်ချင်း တရားစွဲလိုက်ပါပြီ။ မနေ့တုန်းက ဖြစ်ပျက်သွားတဲ့ ကိစ္စမှာ ရဲတပ်ဖွဲ့ဝင် တွေ က ပြည်သူတွေ အန္တရာယ် မဖြစ်အောင် လုံခြုံရေးအရ ဆောင်ရွက်ပေးခဲ့တာပဲ ရှိတယ်။ အလုပ်သမားတွေက ရဲတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ပစ်ပေါက်ခဲ့တဲ့ အတွက် ရပ်ကွက်အထောက်အကူပြု အဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ဆီ ခေါ်လာပေးတာ”ဟု ရန်ကုန် အရှေ့ပိုင်း ခရိုင် ရဲမှူးကြီး မြင့်ထွေးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်း ယနေ့ပြုလုပ်သည့် ရန်ကုန်တိုင်း အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒထုတ်ဖော်သည့် E-land Myanmar, Ford Glory နှင့် Costec International အထည်ချုပ် စက်ရုံ ၃ ရုံ မှ အလုပ်သမား အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၈ ဦးကို မတ်လ ၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇ ဖြင့် လည်းကောင်း၊ ဆန္ဒပြ အလုပ်သမား ကိုနိုင်သူဇော်ဝင်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် လည်းကောင်း တရားစွဲလိုက်ပြီဟု ရဲမှူးကြီး မြင့်ထွေးက ဆက်ပြောသည်။
ယမန်နေ့ ညနေပိုင်းက ဆန္ဒပြ အလုပ်သမားများကို ဖမ်းဆီးခေါ်ဆောင်ခဲ့သူများသည် ရပ်ရွာအထောက်အကူပြု အဖွဲ့ဟု ခေါ်သည့် လက်မောင်းတွင် အနီရောင် လက်ပတ်များ ဝတ်ဆင်ထားသူများ ဖြစ်ကြပြီး ထိုအဖွဲ့က ဆန္ဒပြ အလုပ်သမားများကို ရဲတပ်ဖွဲ့ဝင်များထံ အပ်နှံလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုအဖွဲ့နှင့် ပတ်သက်ပြီး ရဲမှူးကြီး မြင့်ထွေးက “ဒုရဲအုပ် အဆင့်ထက် မနိမ့်သူတွေက လိုအပ်လာရင် လက်နက်ကိုင် အဖွဲ့ မဟုတ်တဲ့ အမျိုးသားတွေကို အကူအညီ တောင်းခံနိုင်တယ်။ သူတို့တွေက ဥပဒေအရ ရုန်းရင်းဆန်ခတ် ပြုလုပ်သူတွေကို ဖမ်းဆီးနိုင်တယ်။ ရဲ အရေးပိုင်တဲ့ ကိစ္စတွေကို ကျူးလွန်တာ တွေ့ရလို့ နီးစပ်တဲ့ ရဲတပ်ဖွဲ့တွေဆီကို အပ်လို့ရတယ်”ဟု ဆက်လက် ပြောဆိုသည်။
ယမန်နေ့က ဖမ်းဆီးခံရသည့် အလုပ်သမားများနှင့် အတူ 7 Days နေ့စဉ် သတင်းစာ ဓာတ်ပုံသတင်းထောက် ကိုနစ်ကီနှင့် ဒီဗီဘီ သတင်းဌာနမှ ကိုမျိုးဇော်လင်း တို့ကိုပါ ဖမ်းဆီးသွားကြောင်း၊ ယာယီ ထိန်းသိမ်းရေး စခန်းအရောက်တွင် သတင်းထောက် ဖြစ်မှန်း သိသည့်အတွက် နေအိမ်အထိ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန် မြောက်ပိုင်းခရိုင် ဒုရဲမှူးကြီး မြင့်လွင်က “လူစုခွဲပြီး ပြန်ကြဖို့ အသံချဲ့စက်နဲ့ ၅ ကြိမ်ထက် မနည်း ကြေညာခဲ့တယ်။ နယ်/လုံ ဝန်ကြီး ဦးတင်ဝင်း ကိုယ်တိုင်လည်း လာပြီး ပြောပြတယ်။ မြို့နယ်၊ ခရိုင် အပါအဝင် ရပ်မိရပ်ဘတွေလည်း ပြောပေမယ့် လူစုမခွဲဘူး။ ညနေပိုင်းမှာ ခဲတွေနဲ့ ပစ်ပေါက်ခဲ့လို့ ရပ်ကွက် အထောက်အကူပြု အဖွဲ့တွေက ကူညီ ဖမ်းဆီးပေးတာ။ ကျနော်တို့က သူတို့ ဖမ်းလာပေးသူတွေကို ယာယီ ထိန်းသိမ်းရေးစခန်းမှာ သေချာထားခဲ့တယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
အဆိုပါ စက်ရုံ ၃ ရုံမှ အလုပ်သမားများသည် အခြေခံလစာ တိုးမြှင့်ရေးနှင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးထားသည့် သပိတ်ခေါင်းဆောင် ကိုမျိုးမင်းမင်းနှင့် ကိုနိုင်ဌေးလွင်တို့ကို ပြန်လည် လွှတ်ပေးရေးအတွက် ရွှေပြည်သာ စက်မှုဇုန် နယ်မြေမှ စတင်၍ ရန်ကုန်မြို့တော် ခန်းမရှေ့သို့ လမ်းလျှောက်ချီတက် ဆန္ဒပြရန် စီစဉ်ခဲ့ရာ၌ ရဲတပ်ဖွဲ့ဝင်များက လမ်းတွင် ပိတ်ဆို့တားဆီးသဖြင့် အင်းစိန်မြို့နယ် ကန်သာယာလမ်းဆုံ အနီးတွင် ယာယီစခန်းချ၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆန္ဒပြ အလုပ်သမား တချို့က ပြောပြ သည်။
“မိဘတွေက ပြန်လာဖို့ ခေါ်တယ်။ ဒါပေမယ့် ကျနော် မပြန်ဘူး။ တောင်းဆိုထားတဲ့ အခြေခံလစာ မရမချင်း တိုက်ပွဲဝင်သွားမှာ” ဟု Coste International အထည်ချုပ် စက်ရုံမှ ဆန္ဒပြ အလုပ်သမား ကိုနေမျိုးထွန်းက ပြောသည်။
အခြေခံလစာ တိုးမြှင့်ရေး ဆန္ဒပြနေသည့် စက်ရုံများထဲမှ လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြေလည်မှု ရရှိသွားသည့် E-land Myanmar စက်ရုံမှ အလုပ်သမား ၄၄၃ ဦး၊ Ford Glory စက်ရုံမှ ၄၂၀ နှင့် Costec International စက်ရုံမှ ၉၆၂ ဦးသည် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညှိနှိုင်းဖြေရှင်းရေး အဖွဲ့က ပြောဆိုသည်။