ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု(NDAA) မိုင်းလား အဖွဲ့ရဲ့ ရှေ့တန်းနယ်မြေအနီး တပ်မတော် က တင့်ကားများနဲ့ စစ်ရေးလေ့ကျင့်မှု လာရောက်ပြုလုပ်နေကြောင်း မိုင်းလား အဖွဲ့က ပြောပါတယ်။
မနေ့က မနက်ပိုင်းကစပြီး မိုင်းလားနဲ့ ကျိုင်းတုံ မြို့နယ်အကြား NDAA ရှေ့တန်းတပ်တွေ ရှိတဲ့ နေရာအနီးမှာ တပ်မတော် ဘက်က သံချပ်ကာတင့်ကား ၁၀ စီးရောက်ရှိလာပြီး လေ့ကျင့်မှုတွေပြုလုပ်နေခြင်း ဖြစ်တာလို့လည်း ဆိုပါတယ်။
“ကားက ထားတာကြာလာလို့ သံချေးတက်မှာစိုးလို့ဆိုပြီး လေ့ကျင့်ရေး လာလုပ်တယ်။ ဒီနေရာက တသက်နဲ့တကိုယ် တခါမှ သူတို့ဒါမျိုး လာလုပ်တာ မရှိဖူးဘူး။ သူတို့ အနေနဲ့ ကျိုင်းတုံဘက်မှာ လေ့ကျင့်စရာ နေရာတွေ တပုံကြီးရှိရဲ့နဲ့ ဒီလို လာလုပ်တာတော့ မကောင်းဘူး”လို့ NDAA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင် က ဧရာဝတီကို ပြောပါတယ်။
အစိုးရနဲ့ မိုင်းလားအဖွဲ့ အကြား ဆက်ဆံရေးကောင်းမွန်နေချိန်မှာ အောက်ခြေတပ်တွေက အခုလို လုပ်ဆောင်လာတာကြောင့် NDAA အောက်ခြေတပ်တွေအကြားမှာ အထင်အမြင်လွဲမှုတွေ ဖြစ်လာနိုင်သလို ဒေသခံ ပြည်သူတွေ ကြားမှာလည်း စိုးရိမ်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အခုလို လာရောက်လေ့ကျင့်နေမှုကို နှစ်ဖက်ထိစပ်နယ်မြေ၊ ဒေသခံကျေးရွာတွေနဲ့ ကင်းဝေးတဲ့ နေရာမှာ သွားရောက် ပြုလုပ်ဖို့ ဒေသ အခြေစိုက် တပ်မတော် တာဝန်ရှိသူတွေကို အကြောင်းကြားထားပေမယ့် နောက်ရက်တွေမှာ ထပ်မံပြုလုပ်နေဦးမယ် ဆိုရင် တော့ နှစ်ဖက် ဆက်ဆံရေး ထိခိုက်စေကြောင်း NDAA က ပြောဆိုပါတယ်။
“သူတို့အနေနဲ့ စက်စမ်းသပ်တာပဲဖြစ်ဖြစ်၊ လေ့ကျင့်တာပဲ ဖြစ်ဖြစ် ဒီနေရာမှာ လာမလုပ်သင့်ဘူး။ နေပြည်တော်က လူကြီးတွေက ကျနော်တို့ကို ယုံတယ်ဆိုပြီး ပြောပြီး အောက်ခြေတပ်တွေက အခုလိုလုပ်နေတာက တမျိုးက မကောင်းဘူးပေါ့”လို့ ဦးကြည်မောင် က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၂၁ ရက်က နေပြည်တော်မှာလုပ်တဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦး က ကိုးကန့်ဒေသမှာ အစိုးရ စစ်တပ်နဲ့ ဦးဖုန်ကြားရှင်ရဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ဖြစ်တဲ့ တိုက်ပွဲမှာ ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) နဲ့အတူ မိုင်းလားအဖွဲ့လည်း ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲ ပြော ဆိုထားပါသေးတယ်။
ကိုးကန့် ပဋိပက္ခမှာ မိုင်းလားအဖွဲ့အပေါ် တပ်မတော်ဘက်က စွပ်စွဲပြောဆိုမှုဟာ ခိုင်လုံမှုမရှိသလို NDAA အနေနဲ့လည်း ပါဝင် ပတ် သက်မှု မရှိကြောင်း၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုသာ ရှေးရှုလုပ်ဆောင်နေကြောင်း ဦးကြည်မောင် ကပြောပါတယ်။
မိုင်းလား အဖွဲ့ဟာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူထားသလို လက်နက်ကိုင် တိုင်းရင်းသား အားလုံး ပါဝင်မယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်တွေကို သွားနိုင်ဖို့ အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။