အစိုးရသစ်လက်ထက် ၅နှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးနိုင်မှုသည် အိမ်ထောင်စုပေါင်း ၁ သန်းကျော် ရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးနိုင်မှုတွင် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၂.၄၂ သန်းမှ ၂၀၁၅ ခုနှစ်တွင် အိမ်ထောင်စု ပေါင်း ၃.၅ သန်းခန့် ရှိလာရာ အိမ်ထောင်စုပေါင်း ၁ သန်းကျော် တိုးမြှင့် ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ရာခိုင်နှုန်းအားဖြင့် ဆိုပါက တနိုင်ငံလုံး သုံးစွဲနိုင်သူ စုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးအောင်သန်းဦးက ပြောသည်။
၎င်းက“တနိုင်ငံလုံး သုံးစွဲနိုင်သူ ပမာဏရဲ့ ၃၄ ရာခိုင်နှုန်းကို တိုးမြှင့်ပေးလာနိုင်ပါတယ်။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ ၆၆ ရာခိုင်နှုန်း ကို ဓာတ်အားပေးနိုင်ရေး အတွက်တော့ ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတွေ များစွာ လိုအပ်နေပါသေးတယ်”ဟု ပြောသည်။
မတ်လ ၁၀ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သည့် သုံးကြိမ်မြောက် Myanmar Power Summit တွင် ဒု ဝန်ကြီး ဦးအောင်သန်းဦးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်မီးလိုအပ်ချက်သည် ယခုအချိန်တွင် နှစ်စဉ်တိုးနေပြီး လက်ရှိဓာတ်အားလိုအပ်ချက်အတွက် အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ရန် Gas Turbine နှင့် Gas Engine များ စီစဉ်နေသည်ဟုလည်း ၎င်းက ပြောသည်။
ဦးအောင်သန်းဦးက“လက်ရှိ ဓာတ်အားလိုအပ်ချက်အတွက် အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ဖို့ မြင်းခြံ၊ ကျောက်ဖြူ၊ သီလဝါနဲ့လှော်ကားတို့မှာ Gas Turbine နဲ့ Gas Engine တွေ ဆောင်ရွက်နေပါတယ်။ မကြာခင်မှာဘဲ ၂၃၁ မီဂါဝပ်လောက် တိုးရရှိတော့မှာပါ” ဟု ပြောဆိုသည်။
ထို့အပြင် လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် ရေရှည်လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်သည့် အထက် ရဲရွာ၊ ရွှေလီ ၃၊ အထက် ကျိုင်းတောင်း၊ သူဌေး၊ အလယ်ပေါင်းလောင်း၊ ဒီးဒုတ် အစရှိသည့် စီမံကိန်းများမှ ၁၆၅၈ မီဂါဝပ် ကို အကောင်အထည် ဖော်နေကြောင်းလည်း သိရသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အချက်အလက်များအရ ဆိုပါက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ၃၄၁၃ မီဂါဝပ်ရှိခဲ့ရာမှ ယခုလက်ရှိ ၄၇၁၄ မီဂါဝပ်အထိ ရှိလာကြောင်း၊ ၄ နှစ် ကာလအတွင်း မီဂါဝပ် ၁၃၀၀ ခန့် တိုး လာကြောင်း တွေ့ရသည်။
တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး စီမံချက်(NEP) အရ အဆိုလျှင် မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်ရောက်မှ နိုင်ငံတဝန်း မီးလင်းမည် ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၇.၂သန်း အတွက် အမေရိကန် ဒေါ်လာ ၅.၈ ဘီလီယံ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုထားသည်။
NEP စီမံချက်အရ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ၅ နှစ်ကာလတွင် အိမ်ထောင်စုပေါင်း ၁.၇ သန်းသို့ မီးပေးနိုင်ရန်အတွက် ဗို့အား အလယ်အလတ်နှင့် ဗို့အားနိမ့် လိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေ ဒေါ်လာ သန်း ၆၇၀ လိုအပ်ကြောင်းလည်း ဆိုသည်။
ထိုသို့ လျှပ်စစ်မီး လိုအပ်ချက် စီမံချက်နှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးရေးချေးငွေအဖြစ် ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း၊ ကမ္ဘာ့ ဘဏ် အနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မဟာ ဓာတ်အားလိုင်းများ တိုးချဲ့နိုင်ရန်အတွက် ဒေါ်လာ သန်း ၃၀၀၊ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဓာတ်အားလိုင်းပြင်ပမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အတွက် ဒေါ်လာသန်း ၉၀ ကို ဖွံ့ဖြိုးရေး ချေးငွေအဖြစ် ပေးအပ်သွားရန် ရှိကြောင်း သိရသည်။
ကမ္ဘာဘဏ်မှ လာမည့် ၅ နှစ်အတွက် တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး စီမံချက်အရ ကုန်ကျစရိတ် ဒေါ်လာ သန်း ၇၀၀ ခန့်မှန်းထားပြီး ၎င်းတို့က သန်း ၄၀၀ နီးပါး အကူအညီပေးသွား ရန်ရှိသည်ဟု အတည်ပြု ပြောဆိုထားဖူးသည်။
NEP စီမံချက်အရ ပထမဆုံးလုပ်ဆောင်မည့် အစီအစဉ်များတွင် လူနေထူထပ်သော ဧရိယာများသို့ တိုတောင်းသည့် ဓာတ်အား ဖြန့် ဖြူးရေး လိုင်းများနှင့် ကုန်ကျစရိတ်သက်သာသည့် ဆက်သွယ်မှုများ ဦးစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဝေးလံသောဒေသများသည် ရှည်လျှားသော ဓာတ်အားလိုင်းနှင့် ဖြစ်သည့်အတွက် ကုန်ကျစရိတ် မြင့်မားမည် ဖြစ်ကြောင်း သိရသည်။
စီမံချက်အရ ကုန်ကျစရိတ်မြင့်မားပြီး နောက်ဆုံးမှ လျှပ်စစ်မီး ဆက်သွယ်သွားမည့် ဒေသများတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်များ ပါဝင်လျက်ရှိသည်။