အမေရိကန် သမ္မတ အိုဘားမား တောင်းဆိုထားသော အာဏာရှင် အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းရေးကို တိုင်းတာနိုင်သည့် စမ်းသပ်ချက် ၅ ခုစလုံးတွင် မြန်မာအစိုးရက ကျရှုံးလျက်ရှိကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက သုံးသပ်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ဖြစ်ခွင့်ကို အခြေခံဥပဒေအရ တားမြစ်ထားမှုကို ပယ်ဖျက်မပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရမည့်အစား စစ်ဆင်ရေးများ တိုးမြှင့်ခြင်း၊ လူနည်းစု ဘာသာခြားများကို အစိုးရက ခွဲခြားသည့် ဥပဒေသစ်များ ပြင်ဆင်ခြင်း၊ ရခိုင်ပြည်မှ မွတ်စလင်များ၏ မဲပေးခွင့်အပါအဝင် အခွင့်အရေးများကို ငြင်းပယ်ခြင်း၊ စာနယ်ဇင်းသမားများနှင့် ဆန္ဒပြတောင်းဆိုသူများကို ဖမ်းဆီးနှိမ်နင်းခြင်းအားဖြင့် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အာမခံချက် မပေးခြင်းတို့ဖြစ်ကြောင်း ဝါရှင်တန်ပို့စ် အယ်ဒီတာ့ အာဘော်က ရေးသားသည်။
သမ္မတ အိုဘားမား၏ နိုင်ငံခြားရေးမူဝါဒက ရန်လိုသည့်နိုင်ငံများကို ထိပ်တိုက် ရင်ဆိုင်မည့်အစား ဆက်သွယ် ဆောင်ရွက်ခြင်းက ပိုကောင်းသည်ဆိုသည့် အယူအဆပေါ်တွင် အခြေခံကြောင်း၊ ထိုသို့ သံတမန်ရေးရာအရ ဆောင်ရွက်ခြင်းက တော်လှန်ရေး သို့မဟုတ် အုပ်ချုပ်ရေးကို ပြောင်းလဲမည့်အစား ဖြည်းဖြည်းမှန်မှန် ပြုပြင်ပြောင်းလဲရေးကို အားပေးရမည် ဖြစ်ကြောင်း၊ အာဏာရှင် အစိုးရတခုအနေဖြင့် အမေရိကန် အစိုးရက နိုင်ငံရေးအရ လိုက်လျောမှုများ ပြုလုပ်လာသည့်အချိန်တွင် စီးပွားရေးနှင့် နိုင်ငံရေး အကျိုးအမြတ်များ ရရှိနိုင်ကြောင်းလည်း ထောက်ပြထားသည်။
အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးခဲ့ပြီး ဒေါ်လာ သန်း ၅၀၀ နီးပါးရှိမည့် အကူအညီများ စတင်ပေးလာပြီး ၂ နှစ်ကျော် ကြာခဲ့သည့် နောက်ပိုင်းတွင် မြန်မာအစိုးရက လူနည်းစုများကို နှိပ်ကွပ်ခြင်း၊ စာနယ်ဇင်းသမားများကို ဖမ်းဆီး ထောင်ချခြင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်ရန် တားဆီးထားသည့် အခြေခံဥပဒေကို ပြင်ဆင်ပေးရန်ငြိမ်းချမ်းစွာ ဆောင်ရွက်မှုများကို ပိတ်ပင် ခြင်းများ ပြုလုပ်လာသည်။
ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသော်လည်း သမ္မတ အိုဘားမား တောင်းဆိုသည့်အတိုင်း လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်း၊ တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့်အတွက် လက်ရှိ အာဏာရပါတီက ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၃၄ ရာခိုင်နှုန်း အနိုင်ရယူခြင်းအားဖြင့် အာဏာကို ဆက်လက်ထိန်း သိမ်းသွားနိုင်သောကြောင့် ဖြစ်ကြောင်းလည်း ခန့်မှန်းထားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါက နိုင်ငံရေး ဖြစ်စဉ် ပြိုလဲသွားနိုင်ပြီး တနည်းအားဖြင့် ဒီမိုကရေစီမျက်နှာဖုံး စွပ်ထားသည့် စစ်အုပ်ချုပ်ရေးက ဆက်လက်တည်ရှိသွားစေလိမ့်မည်ဟုလည်း သုံးသပ်ထားသည်။
ထိတွေ့ဆက်ဆံရေး ဗျူဟာ၏ တစိတ်တပိုင်းအနေဖြင့် ဒဏ်ခတ်အရေးယူမှုများကို အလောတကြီး ရုပ်သိမ်းပေးခဲ့သော သမ္မတ အိုဘားမားအတွက် ယခုအချိန်တွင် တွန်းအားကင်းမဲ့နေပြီ ဖြစ်ကြောင်း၊ မြန်မာအစိုးရက သမ္မတ အိုဘားမား တောင်းဆိုခဲ့သည်များနှင့် ဆန့်ကျင်ဖက် လုပ်နေသည်ကို အမေရိကန်အစိုးရ နှုတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေရကြောင်း၊ အိုဘားမား၏ ထိတွေ့ဆက်ဆံရေး နည်းလမ်းများက တခြားသော အာဏာရှင်များအတွက်လည်း အလုပ်ဖြစ်လိမ့်ဟု ယုံကြည်ထားကြသူ ရှိပါကလည်း ခေတ္တမျှရပ်ပြီး စောင့်ကြည့်သင့်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက အကြံပြုထားသေးသည်။