တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်တွင် မြန်မာစစ်တပ်က ပစ်ခတ်လိုက်သော ဗုံးဒဏ်ကြောင့် သေဆုံးသွားသည့် တရုတ် နိုင်ငံ သား ၄ ဦးအတွက် တဦးလျှင် အမေရိကန်ဒေါ်လာ ၁၁၂၂၂ ဝန်းကျင် (တရုတ်ယွမ်ငွေ ၇ သောင်း) ပေးရန် မြန်မာ အစိုးရက တရုတ် အစိုးရ ကို ကမ်းလှမ်း လိုက်ပြီး တရုတ် အစိုးရက အဆိုပါ ကမ်းလှမ်းချက်ကို တစုံတရာ တုံ့ပြန် ခြင်းမရှိသေးကြောင်း မတ်လ ၁၈ ရက်နေ့ ထုတ် Global Times သတင်းစာက ရေးသားဖော်ပြသည်။
မတ်လ ၁၃ ရက်နေ့ ညနေခင်းက မြန်မာစစ်လေယာဉ် တစီးပေါ်မှ ပစ်ချခဲ့သည့် ဗုံးက ပဋိပက္ခဖြစ်ပွားနေသည့် ကိုးကန့် ဒေသ နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ လင်ချန်း ခရိုင်အတွင်းရှိ ကြံခင်းအတွင်းသို့ ကျရောက်ပြီး လူ ၄ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံး တရုတ်နိုင်ငံသားများအတွက် လျော်ကြေးပေးရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် မြန်မာ အစိုးရက ကိုယ်စား လှယ်အဖွဲ့ ၁ဖွဲ့ တရုတ်နိုင်ငံသို့ စေလွှတ်ထားပြီး ယင်းကိုယ်စားလှယ်အဖွဲ့က သေဆုံးတရုတ်နိုင်ငံသား များ အတွက် လျော်ကြေးပေးရန် တရားဝင် ကမ်းလှမ်းမှုများ စတင်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
တရုတ် အစိုးရသည် မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသွားသော တရုတ်နိုင်ငံသားများ အရေး ကိစ္စ နှင့်ပတ်သက်၍ အရေးတယူ ဆောင်ရွက်လျက်ရှိပြီး ယူနန်ပြည်နယ်သို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ရောက် ရှိ လာခဲ့ကာ ဒေသခံ တရုတ်ပြည် သူများ၏ အသက်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ပေးရေး အစီအစဉ်များကို တာဝန်ရှိ သူ များ နှင့် ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Hong Lei က မတ်လ ၁၇ ရက်နေ့ တွင် ပြောကြားသည်။
တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်လာပြီးနောက် တရုတ်-မြန်မာနယ်စပ်တွင် တရုတ်အစိုးရက လုံခြုံရေး စစ်အင်အားတိုးချဲ့ချထားပြီး တရုတ်တိုက်လေယာဉ်များ တရုတ်-မြန်မာနယ်စပ်တွင် ကင်း လှည့် ပျံသန်းလျက်ရှိကြောင်း သိရှိ ရသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခသည် တလကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး နယ်စပ် ဒေသ ၏ တည်ငြိမ်အေးချမ်းမှုကိုလည်း ဆိုးရွားသော သက်ရောက်မှုများဖြစ်စေခဲ့ပြီး ပဋိပက္ခတွင်ပါဝင်နေသူ အဖွဲ့ အစည်း များအနေဖြင့် တရုတ်နိုင်ငံ၏ စိုးရိမ်မှုကို အလေးအနက်ထားကြရန်နှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေး အတွက် ဆောင်ရွက် ကြရန် တိုက်တွန်းသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တရုတ်ပိုင်နက်အတွင်းသို့ ဗုံးကျရောက်ပေါက်ကွဲပြီးနောက် ကိုးကန့်တိုက်ပွဲများတွင် မြန်မာ့တပ်မတော်က စစ်လေယာဉ်များ အသုံးပြု တိုက်ခိုက်မှု ရပ်ဆိုင်းလိုက်ပြီး ခြေလျင်တပ်များကို အလုံးအရင်း အင်အားတိုးချဲ့ အသုံးပြုလာ၍ တိုက်ပွဲများ ပိုမို ပြင်းထန်လာကြောင်း သိရှိရသည်။
လောက်ကိုင်မြို့နယ်၏ အရှေ့တောင်ဘက် ခုတ်ထန်နှင့် ဖခကျေးရွာအနီးတွင် မတ် ၁၇ ရက်နေ့ နံနက် ၅ နာရီ မှစတင်၍ ယခုအချိန်အထိ အစိုးရစစ်တပ် တပ်မ ၆၆ နှင့် ကိုးကန့်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက် ရှိ ကြောင်း ၊အလားတူ ကုန်းကြမ်းမြို့နယ် အတွင်း၌လည်း ယနေ့ နံနက်ပိုင်းမှစပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောကြားသည်။
“လေတပ်က ပစ်ကူပေးတဲ့အချိန် သူတို့စစ်သားတွေ သိပ်မသုံးရဘူး။ မနေ့က တိုက်ပွဲဆို တပ်သား ၁၀၀၀ ကျော်အထိ သုံးလာတာ တွေ့ရတယ်။ လူပိုသုံးလာရတဲ့ သဘောပေါ့” ဟု ဦးထွန်းမြတ်လင်းက ရှင်းပြသည်။
လတ်တလော ကိုးကန့်ဒေသတွင် တပ်မတော်မှ တပ်မ ၁၁ ၊ ၃၃ ၊ ၅၅ ၊ ၆၆ ၊ ၇၇၊ ၈၈ ၊ ၉၉ နှင့် ရွှေတြိဂံတိုင်းတို့၏ လက် အောက်ခံ တပ်ရင်း ၆၀ ကျော် ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“ကျနော်တို့က ခံစစ်ချည်းပဲတိုက်နေရတယ်ဆိုတော့ လေကြောင်းပစ်ကူမလာတော့ နည်းနည်းသက်သာတာပေါ့။ ဒါပေမယ့် အခုသူတို့ လက်နက်ကြီးတွေနဲ့တော့ ပြန်ပစ်နေတာပဲ”ဟု ဦးထွန်းမြတ်လင်းက ဆိုသည်။
ကိုးကန့်တပ်ဖွဲ့တွင် ယခင်တပ်ဖွဲ့ဝင်များအပြင် နယ်ခြားစောင့်တပ်၊ ကိုးကန့်ရဲတပ်ဖွဲ့ဝင်များနှင့် ကိုးကန့်ပြည်သူတချို့ ပါ ဝင်ရောက်လာ၍ စုစုပေါင်း အင်အား ၃၀၀၀ ကျော်ရှိကြောင်း ကိုးကန့်တပ်ဖွဲ့၏ ပြောဆိုချက်အရ သိရှိရသည်။
(ဧရာဝတီသတင်းထောက် ကျော်မျိုးထွန်း ပူးပေါင်းရေးသားသည်)