အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေနှင့် လူ့အခွင့်အရေး ပညာပေးရေး သင်တန်းများ ပို့ချရာ၌ အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။
“အခက်အခဲကတော့ အထူးသဖြင့် ဒေသခံ အာဏာပိုင် အနေနဲ့ လူ့အခွင့်အရေး ပညာပေးလို့ ပြောလိုက်ရင် တုန်လှုပ်ခြောက်ခြား နေတဲ့ ရောဂါ မပျောက်သေးဘူး။ သွားပညာပေးတဲ့အခါ အဖွဲ့အစည်း မှတ်ပုံတင်ထားလား။ ခွင့်ပြုချက်ရှိလားဆိုပြီး နှောင့်ယှက်မှုမျိုးတွေ ရှိနေပါတယ်”ဟု လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့တဖွဲ့ ဖြစ်သည့် Equality Myanmar မှ ဦးအောင်မျိုးမင်းက ပြောသည်။
ထိုဖြစ်စဉ်များကြောင့် လူ့အခွင့်အရေး ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် ပညာပေးမှုများ ပြုလုပ်ရာတွင် ဒေသ အာဏာပိုင်များက နှောင့်ယှက်မှု မပြုရန် ရည်ရွယ်ပြီး ရှေ့လုပ်ငန်းစဉ်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်ညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Equality Myanmar တို့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်သည့် ရပ်ရွာလူထု အခြေပြု လူ့အခွင့်အရေး ဆွေးနွေးပွဲကို မတ်လ ၁၇ ရက်က ရန်ကုန်တိုင်း သန်လျင်မြို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဒု ဥက္ကဋ္ဌ ဦးစစ်မြိုင် အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“ပြည်သူတွေက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အသိပညာပေး ဗဟုသုတ တော်တော်လေးကို အားနည်းနေပါတယ်။ လူ့အခွင့် အရေး ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ၊ ဘယ်လို အခွင့်အရေးတွေ ရသင့်တာလဲ၊ ဘယ်လို အခွင့်အရေးတွေ တောင်းဆို သင့်တာလဲ၊ ဘယ်လို အခွင့်အရေးတွေက မိမိမှာ တာဝန်ရှိတာလဲဆိုတာ မကွဲပြားကြဘူး”ဟုလည်း ဦးစစ်မြိုင်က ဧရာဝတီကို ပြောဆိုသည်။
ရပ်ရွာအခြေပြု ပြည်သူလူထု အကြား လူ့အခွင့်အရေး အသိပညာများ ပြန့်ပွားစေရေး အစီအစဉ်များကို ရန်ကုန်တိုင်း၊ မန္တလေး တိုင်း နှင့် နေပြည်တော်တို့တွင်လည်း ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
ကုလသမဂ္ဂက ပြဌာန်းခဲ့သည့် လူ့အခွင့်အရေး စာချုပ်စာတမ်း အဓိက ၉ ခု အနက် မြန်မာနိုင်ငံသည် စာချုပ် ၃ ခုကို လက်မှတ်ရေး ထိုးထားကြောင်း၊ ထိုစာချုပ်များမှာ ကလေးငယ်များ အခွင့်အရေး၊ မသန်စွမ်း အခွင့်အရေးနှင့် အမျိုးသမီးများ အခွင့်အရေး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှု၊ ဥပဒေမဲ့ သတ်ဖြတ်ခံရမှု စသော လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စစ်ရေး ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် အများဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။
လတ်တလောတွင်လည်း ရှမ်းပြည်နယ် လောက်ကိုင်ဒေသ၌ အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားသည့် ကာလ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း ဒေသခံများနှင့် အရပ်ဘက် လူမှုအဖွဲ့များက ထုတ်ပြန် ပြောဆိုထားသည်။